ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း
(၁) ၂၀ ရာစုအစောပိုင်းကာလများဟာ လူသားတို့သမိုင်းကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးတွေဟာ လူသားတို့ကမ္ဘာကြီးကို တပ်လှန့်လှုပ်နှိုးပစ်လိုက်သလိုပါပဲ။ စက်မှုနည်းပညာရှုထောင့်က ကြည့်ရင်တော့ ဖရွိုက်နဲ့အိုင်းစတိုင်းတို့ ရှာဖွေ တွေ့ရှိမှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန်းသစ်ပစ်လိုက်သလိုပါပဲ။ စက်မှုခေတ်အဖြစ်ကို အသွင်ပြောင်းလာခဲ့တယ်ဆိုပါတော့။ လူသားသိမှုကို အစဉ်အလာဆန့်ကျင်ပြီး ပြောင်းလဲပေးလိုက်တာပါ။ ရိုးရာအရသာ သွေဖီတဲ့ဝတ္ထုနဲ့ ကဗျာလို့ ဆိုရမယ့် ဂျိမ်း(မ်)ဂျွိုက်(စ်) (Joyce) နဲ့ တီအက်(စ်)အဲလီးယော့(ထ်) တို့ရဲ့ ဝတ္ထုဖြစ်တဲ့ ယူလီဆီး(စ်) နဲ့ ဖုန်းဆိုးမြေ (Ulysses and The Waste Land) တို့ဟာ ၁၉၂၂ မှာ ပေါ်ထွက်လာတယ်။ အဲဒီလက်ရာတွေဟာ မော်ဒန်ဝါဒရဲ့ အသစ်ဖြစ်တဲ့ ခံစားမှုကို မှတ်ပုံတင်လိုက်သလိုပဲ၊ အဆက်အစပ်မဲ့အာရုံခံစားမှုက “သိမှုစရိုက်” ကို ဖော်ပြပေးခဲ့တယ်။ ဒါကြောင့်ပဲ သီအိုရီဆရာဖြစ်သူ မာရှယ်ဘားမန်း (Marshall Berman) က အဲဒီအချိန်မှာ ရှိနေတဲ့ လူသားတွေရဲ့ ဘဝကလာတဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကပေးတဲ့ ရောင်ပြန်ဟပ်မှုဟာ မော်ဒန်သမားတွေရဲ့ အာရုံခံစားမှုကို အဓိပ္ပါယ်သတ်မှ...