( သိကြားဟစ်ဘုရားကချစ်သက်သေ )
ဒီရတုကဗျာလေးက ပုဂံ သိကြားဟစ်ဘုရားရဲ့ အတွင်းအာရုံခံလှိုဏ်နံရံ
ပေါ်မှာ အင်းဝခေတ်လောက်က ရေးသွားတဲ့ အချစ်ကဗျာ မင်စာလေးပါ။
ဒီကဗျာလေးကို တွေ့ခဲ့တယ်လို့ပြောတာက ရှေးဟောင်းသုတေသနက
ဆရာဦးသိန်းလွင်ပါ၊ ရှေးဟောင်းသုတေသနက ဒုညွှန် ဆရာဦးသိန်းလွင်က
သူ့ရဲ့မြန်မာစာပါရဂူ ကျမ်းပြု အကဲဖြတ်စာတမ်းအတွက် ပုဂံဒေသရှိမင်စာ
ကဗျာများလေ့လာချက် စာတမ်းကို ရန်ကုန်တက္ကသိုလ်မှာ ၂၃၊ အောက်တို
ဘာ၊ ၂၀၁၅ က ဖတ်ပါတယ်၊ ကျွန်တော့်ကို ဒီစာတမ်းမိတ္တူတစ်စောင်ပေး
ရင်း ဆရာဦးသိန်းလွင်က အရင်ကတစ်ခါမှ မတွေ့ဘူးတဲ့ပုဂံ သိကြားဟစ်
ဘုရား နံရံပေါ်က မင်စာ ၃ ကြောင်းကဗျာ ရတု အတိုလေးတစ်ပုဒ်ကို သူ
တွေ့ရှိထားတာကို ပြောပြပါတယ်။
အဲဒီတုန်းက ဒီရတုကဗျာလေးကို ကျွန်တော်တင်ဖူးပါတယ်၊ ဒါပေမယ့်
ကဗျာလေးကို ကျွန်တော်လည်း မမြင်ဖူးပါဖူး၊ အခု ဇူလိုင်ပုဂံခရီးမှာမှာ
သားဖြစ်သူရဲ့ မွေးနေ့နဲ့တိုက်ဆိုင်တော့ သားဖြစ်သူအတွက် အမှတ်တရ
ဒီကဗျာလေးကို ဓါတ်ပုံရိုက်ပြီး ရှင်းလင်းချက်ကလေးကိုလည်း သူ့အတွက်
မွေးနေ့ လက်ဆောင်ရေးပေးမယ် စိတ်ကူးလို့ပါ။
ပုဂံကစေတီ ပုထိုးတွေရဲ့ နံရံတွေမှာ ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေကို ဆေး
အတင့်အတယ်ရေးပြီး ကုသိုလ်ပြုလှုဒါန်းခဲ့ကြသလို၊ ဗုဒ္ဓဝင် ဇာတ်နိပါတ်
တွေနဲ့ မဆိုင်ပဲ၊ ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့ကြတဲ့ ဇာတာခွင်တွေ၊
မှတ်တမ်းစာတွေ၊ ရတုကဗျာလေးတွေကိုလည်း တွေ့ရတတ်ပါတယ်၊
များသောအားဖြင့် တော့ ဇာတာခွင်တွေက များပါတယ်။
သက္ကရာဇ်တွေနဲ့ ဇာတာတွေက ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊
ကုန်းဘောင် ခေတ်အဆက်ဆက်က သက္ကရာဇ်တွေ တွေ့ရပြီး ဥပမာ
မြင်းကပါအရပ်ရှိ ဂူပြောက်ငယ်ဘုရား ဂန္ဓကုဋီနံရံမှာရှိတဲ့ ဇာတာက
သက္ကရာဇ် ၆၅၈ ခု၊ ကြတ္တိကာနှစ် သီတင်းကျွတ်လဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့
တက်နေ ၃၄ ဖဝါးလျင် မျက်နှာမြင်သတည်း။
အမင်းကြီး၏ဇာတာတည်း။ တဲ့
အဲဒါ ၁၂၉၆ခုနှစ်၊ စက်တင်ဘာလ(၅) ရက်နေ့က လူရဲ့ ခြေဖုဝါး ၃၄ ဖုဝါးစာ
ရှည်တဲ့ အရိပ်ထွက်နေတဲ့ တက်နေအချိန်မှာ မွေးတဲ့ အမင်းကြီးရဲ့ဇာတာ
ဖြစ်ပါတယ်တဲ့။
ခေတ်အဆက်ဆက်က မင်စာတွေ များစွာကို ပုဂံလွင်ပြင်ကြီးပေါ်က စေတီ
ပုထိုးတွေထဲမှာ များစွာတွေ့ရပါတယ်၊ ဒါပေမယ့် အကြောင်းအရာကို
စဉ်းစားကြည့်တော့ ကျွန်တော်တော့ ၂ မျိုးပဲပေါ်ပါတယ်။
တစ်မျိုးက မွေးလာတဲ့သားသမီးရဲ့ ဇာတာကို ဘုရားရိပ်တရားရိပ်အောက်မှာ
ခိုလှုံစေချင်လို့ရယ်၊ နောက်တစ်မျိုးက သားသမီးမွေးတဲ့အချိန်ကို လွယ်လွယ်
မှတ်စရာမရှိလို့ မပျောက်ပျက်အောင်ရယ်၊ ဒါပဲစဉ်းစားလို့ရပါတယ်။
ဒါပေမယ့် မြန်မာတွေ အသုံးပြုခဲ့ကြတဲ့ အချိန် အခါ၊ လ၊ နှစ်တွေကို သိရတဲ့
အပြင် မြန်မာ့ဓလေ့ထုံးတမ်း စဉ်လာတွေနဲ့ အဲဒီခေတ်က မြန်မာ့လူ့အဖွဲ့
အစည်းကို ရေးရေးမှန်းဆလို့ ရသည်ပေါ့။
ဗေဒင်၊ ဇာတာခွင် လေ့လာ သုတေသန လုပ်လိုသူတွေ အတွက်တော့ ဇာတာ
များစွာလေ့လာနိုင်ပါလိမ့်မယ်၊ စက်တင်ဘာမှာလည်းမွေးတယ် သိံရာသီမှာ
လည်း ခြင်္သေ့က ဟောက်ထားသေးတယ်ဆိုတော့ အမင်းကြီးနဲ့ ငမွန်ဦး
အိမ်အနီးအနား မီးများ လန့်ဖူးသလားပေါ့၊ ဒါဆို စစ်ဗိုလ်စစ်သားပေါ့ လို့
ဗေဒင်ဇာတာလေ့လာသူတွေဆီကနေ အချက်အလက်တွေ ထွက်လာနိုင်
ပါသေးတယ်။
ဒါ့အပြင် သမိုင်းမှတ်တမ်းအတွက် အရေးပါတဲ့ မင်စာတွေကိုလည်းတွေ့နိုင်
ပါသေးတယ်၊ ဒီဂူပြောက်ငယ်ဘုရားမှာပဲ စေတီထဲ ဝင်ဝင်ခြင်း မြောက်ဖက်
နံရံက သစ်မထီးဖွားစောရဲ့စာချီ ရေးထိုးခဲ့တဲ့ သက္ကရာဇ် ၆၇၅ ထိုးမင်စာက က္လောင်ဖ္လူမင်း တည်ထားခဲ့တဲ့ ရပ်တိုင်မူ ရုပ်ပွားတော်အကြောင်း ဖြစ်တဲ့
အတွက် အနော်ရထာရဲ့ဖခင် ကျောင်းဖြူမင်း တည်ထားခဲ့တဲ့ ရပ်တော်မူ
ရုပ်ပွားတော် အကြောင်းဖြစ်လို့ အနော်ရထာမတိုင်မီက ပုဂံအခြေအနေ
အတွက် များစွာ တန်ဖိုးကြီးတဲ့ မှတ်တမ်းဖြစ်လို့နေပါတယ်။
အဲဒီလို ပုဂံလွင်ပြင်ကြီးထဲက စေတီပုထိုးနံရံတွေပေါ်မှာ ရှေးကရေးမှတ်
ခဲ့ကြတဲ့ ဇာတာ၊ အလှုမှတ်တမ်း၊ ဆုတောင်းစာ၊ လင်္ကာလေးတွေ တွေ့ရှိ
ရာမှာ ဆရာဦးသိန်းလွင်ရဲ့ စာရင်းအရ မင်စာ ကဗျာ (၁၇) ပုဒ်တွေ့ပြီး
သက္ကရာဇ်ပါတဲ့ မင်စာကဗျာ ( ၆ ) ပုဒ်တွေ့ရပါတယ်တဲ့၊
၁ - ငှက်ပစ်တောင်ဘုရားဆင်းတုပြင် အလှုဆုတောင်းလင်္ကာ - ၇၆၂ ခု
၂ - ဘုရားနီ(ဘုရားအမှတ် ၇၉၅ ) အလှုဆုတောင်းလင်္ကာ - ၇၉၅ ခု
၃ - အလှုမှတ်တမ်းနိဂုံးလင်္ကာ၊ မင်းမရဲဘုရား - ၈၄၆ ခု
၎ - အလှုဆုတောင်းလင်္ကာ၊ သိကြားဟစ်ဘုရား - ၉၄၃ ခု
၅ - ပွဲမင်းမောင်ဖိုး၏ ဆုတောင်းရတုပိုဒ်စုံ၊
ဂူပြောက်ငယ်ဘုရားမြင်းကပါ - ၉၅၄ခု
၆ - ကျော်ရှန်ကူ၏ - ချီ ရတုပိုဒ်စုံ၊ ဓမ္မရာဇိကဘုရား - ၉၈၁ ခုတို့ဖြစ်ပါတယ်။
သက္ကရာဇ်မပါသော်လည်း မင်စ ကဗျာရဲ့ လက်ရေးလက်သားများ ခေတ်ပြိုင်
အကြောင်းအရာများ၊ ရေးဖွဲံပုံ အသုံးအနှုန်းများကို ကြည့်ပြီး ခုနှစ်သက္ကရာဇ်ကို
မှန်းဆနိုင်တာ တွေလည်းရှိပါတယ်။
အခုသိကြားဟစ်ဘုရားက ရတုကဗျာအတိုလေးကို ဆရာဦးသိန်းလွင်က
အဲဒီအနီးမှာ ရေးထားခဲ့တဲ့ ၉၄၉ ခုနှစ်သက္ကရာဇ်ပါတဲ့ ဇာတာမင်စာနဲ့ လက်
ရေးလက်သား တူညီမှုအရ သက္ကရာဇ် ၉၅၀ ခန့်မှာရေးထိုးတယ်လို့ သတ်
မှတ်ပါတယ်တဲ့။
သိကြားဟစ်ဘုရားက ပုဂံမြို့ဟောင်းရဲ့ အရှေ့မြောက်ဘက်၊ ဝက်ကြီးအင်း
ရွာရဲ့တောင်ဘက် မှာရှိပြီး အရှေ့ဘက်မုခ်လှည့်ထားတဲ့ ကွမ်းတောင်ပေါက်
ဂူဘုရားဖြစ်ပြီး ဘုရားအမှတ် ( ၂၄၉ ) ရေးထိုးထားပါတယ်။
သိကြာပုန်း၊ သိကြားဟစ်လို့ ဘုရား ၂ ဆူရှိပြီး သိကြားပုန်းက ဆင်းတုတော်
အတွင်းထဲမှာ နောက်ထပ်ရုပ်ပွားတော် တစ်ဆူရှိနေတာကို လေးထောင့်
ကွက် လှီးဖြတ်ပြထားတဲ့ ဘိုက်တော်က အကွက်ထဲကနေ အတွင်းက ဆင်းတု
တော်ရဲ့မျက်နှာတော်ကိုမြင်နေရတဲ့ ဘုရားပါ။
သိကြားဟစ်ဘုရားက စေတီအတွင်းဝင်တဲ့ ပင်မမုခ်ဦးတံကဲပန်းက ပုဂံမှာ
ကောင်းစွာကျန်ရှိနေသေးတဲ့ မုခ်ဦးလို့ပြောလို့ရပါတယ်၊ ငလျင်ဒဏ် တော်
တော်ခံရတဲ့အတွက် တိုက်မ နံရံမှာ အက်ကြောင်းကြီးမားစွာပေါ်ပေါက်နေပြီး
ပြုပြင် ထိန်းသိမ်းဖို့ တိုက်မအတွင်းကနေ ဝါးငြမ်းများဆင်ထားပါတယ်။
ရတုကဗျာလေးကို တော်တော်ရှာယူရပါတယ်၊ စေတီတော်အတွင်း ပထမ
ဂန္ဓကုဋီခန်းမကို ဖြတ်ပြီး ရုပ်ပွားတော်ရှိတဲ့ ဒုတိယ ဂန္ဓကုဋီတိုက်မနံရံကို
ဝင်ပြီးရုပ်ပွားတော်ကို မျက်နှာခြင်းဆိုင် ရပ်လိုက်ရင် ညာဖက်လက်ရှိတဲ့
အရှေ့ဖက်နံရံမှာ လက်လှမ်းလို့ မမှီတဲ့နေရာမှာ ရေးထားခဲ့တာပါ။
မင်စာအနက်နဲ့ ရေးထားတဲ့ (၃) ကြောင်းကဗျာလေးပါ။
ကဗျာစာသားက -
-( ၁ ) အနောက်မည်လည်၊ တောင်ကြည်တောင်ရှင်း၊
သာသည့်ကျင်းတွင်
အဆင်းရွှေဝါ၊ မနမ်းသာသည်။ ။ ညခါပွင့်မြဲ ပန်းခဝဲ။
- (၂ ) အလွန်တရာ၊ မရသာလေ၊ ဆက်စာမပြတ်၊
ကျွန်ယုံလွှတ်သည်။ ။ပြာထွတ်မြခဲ သ စာ မြဲ။
-( ၃ ) နက်နဲသို့ဝ်ခြင်း၊ အိမ်တော်တွင်းဝယ်၊ ဆွေရင်းစံမျက်၊
ချစ်သက်စွန့်သည်။ ။ ပြာထွတ်မြခဲ၊ မင်းသူရဲ။
နားလည်သလောက်တော့
ဒီနေရာရဲ့ အနောက်အရပ်ဆီမှာရှိတဲ့ တောင်ကြီးရဲ့ သာယာလှပသော
နေရာမှာ ရွှေဝါရောင်အဆင်းနဲ့ ခဝဲပန်းကလေးကတော့ ညအခါပွင့်မြဲ
ဖြစ်ပြီး ဆွတ်ချူ နမ်းရှိုက်ဖို့ ခက်ခဲနေတုန်းပါပဲတဲ့။
အဲဒါ သူ့ချစ်သူလေးကို ညွှန်းဆိုတာပါ။
တောင်ကြည်တောင်ရှင်း ဆိုထားပြီး အနောက်အရပ်လို့လည်း ညွှန်းထား
ပြန်တော့ တန့်ကြည့်တောင်ကို ပြောချင်ပုံရပါတယ်၊ ကဗျာလေးကလည်း
တန့်ကြည့်တောင်ကို မျက်နှာခြင်းဆိုင်လျက် အနေအထားမှာရှိနေပါတယ်။
သူတို့ချစ်ခြင်း ဘယ်သို့ရှိမယ်လို့ မပြောတတ်ပေမယ့် နမ်းရှိုက်ဖို့တော့
သူ့မှာ ခက်နေပါသေးတယ်လို့ ဆိုထားပါတယ်၊။
အလွန်တရာ မရသာလေ လို့ဆိုထားတဲ့အတွက် သူ့ဖက်က ပြင်းပြတဲ့ချစ်ခြင်း
ကိုလည်း မြင်ရပြီး၊ ပြာထွတ်မြခဲလေးဖက်က ချစ်ခြင်းမေတ္တာကို ရဖို့ သွှူမှာ
ခက်ခဲကြာမြင့်နေတယ် ဆိုတာလည်း မြင်နေရပါတယ်။
ဒါပေမယ့်လည်း သူ့ချစ်သူ ပြာထွတ်မြခဲလေး ထံကိုတော့ နေ့စဉ် စိတ်ချရတဲ့
ကျွန်ယုံတစ်ယောက်ကို လွှတ်ပြီး စာ က တော့ ပို့သ စမြဲပါတဲ့။
ဇွဲတော်တော်ကြီးတာပါလို့ ပြောရတော့မှာပါ၊။
နောက်ဆုံးအပိုဒ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သူနေထိုင်ရတဲ့ အဆင့်အတန်းက ဆွေမျိုးအသိုင်းအဝိုင်း ကြီးမားစွာနဲ့
သိုင်းသိုင်းဝိုင်းဝိုင်း နေထိုင်နိုင်တဲ့ အဆင့်အတန်းကသူပါတဲ့၊ ဒါပေမယ့်
ပြာထွတ်မြခဲ ချစ်သူလေး အတွက်ဆိုရင်တော့ အသက်စွန့်ဖို့ အသင့်ရှိ
နေပါတယ်တဲ့။
တကယ်ချစ်တာဟေ့။
ဆိုလိုချင်တာကတော့ သူက အခြေမဲ့အနေမဲ့ဖြစ်လို့ တန်ဖိုးမယ့်တဲ့ဘဝက
လူဖြစ်လို့ အသက်စွန့်ရဲတယ်ပြောတာမဟုတ်ဖူး၊ တင့်တယ်စွာ နေထိုင်ရ
ခြင်းနဲ့ တန်ဘိုးရှိတဲ့ ဘဝကနေ အသက်စွန့်ရဲတယ်လို့ပြောလိုခြင်းဖြစ်ပြီး
ပိုချစ်တတ်သူလို့ သိစေလိုရင်းဖြစ်ပါလိမ့်မယ်။
အဲဒါ သားဖြစ်သူ အောင်မော်စံကို မွေးနေ့ အတွက်အမှတ်တရ ဒီကဗျာလေး
ဓါတ်ပုံရအောင်ရိုက်ယူလာပြီး ရှင်းပြရင်း နောက်လည်း နောက်ပြောင်ဦး
မလို့ပါ၊ သားသား မင်းကျရင်တော့ အသက်စွန့်မယ် သွားမပြောလေနဲ့နော်ပေါ့။
ခင်ဗျားတို့လည်း အခုနေများတော့ အသက်စွန့်မယ် သွားမပြောလေနဲ့နော်
တစ်ယောက်တော့ သူ့ကိစ္စ သူရှင်းသွားပြီပြောမလားပဲ။
ဒီ ရတုကဗျာလေးက မြန်မာစာပေသမိုင်းက ရတုဆရာကြီးတွေနဲ့ နှိုင်းယှဉ်ဖို့
မဖြစ်နိုင်ပေမယ့် ရတုကဗျာပုံစံကျနပြီး အဓိအပ္ပါယ် ပေါ်လွင် ထင်ရှားအောင်
ရေးဖွဲ့နိုင်စွမ်းရှိသလို သူတကယ်ချစ်တာကို မြင်နေရပါတယ်၊ အင်းဝခေတ်က
ရှေးမြန်မာ့ လူ့အဖွဲ့အစည်းက ချစ်ခင်နှစ်သက် မြတ်နိုးစရာ ကဗျာလေးတစ်ပုဒ်
လည်းဖြစ်လို့ သိကြားဟစ်ဘုရားက ချစ်သက်သေနဲ့ ညစဉ် စာပို့ခိုင်းဖို့ ကျွန်ယုံ
တစ်ယောက်တောင် ဘဝရှိပါလျက် အေးအေးမနေနိုင်ရှာပဲ အချစ်အတွက်
ပူလောင်ရရှာတဲ့ ချစ်သူရဲကောင်းကြီးကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်။
( ဒီဇိုင်းမျိုးဆွေသန်း)
Comments
Post a Comment