လ​ရောင်​မူးမူးကဗျာမူးမူးတကိုယ်​​တော်ကဗျာပြခန်းမှ အမြည်း

#






* * *  * *

ဆီ လီ ကွန် အ ရုပ် မ နဲ့ 2in1 Relationship
…………………………………………………………

သူစိမ်းမိန်းမတစ်ယောက် အိပ်ရာပေါ်က ကျွန်မနေရာမှာ လဲလျောင်းနေတယ်
ကျွန်မယောက်ျားက ၂၁ရာစုဂျပန်စတိုင်လ် ဆလင်းမ်ဘော်ဒီလေးကို တပ်မက်ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်လို့
နောက်ဆုံးပေါ် စက်ရုပ်နည်းပညာ + အဆင့်မြင့်လူသားအာရုံခံစားမှုစနစ်နဲ့ ဂျပန်နိုင်ငံထုတ် ဆီလီကွန်အရုပ်မ
သူရင်သားနှစ်မြွှာဆီ ယောက်ျားမျက်နှာအပ်လိုက်ချိန် ကျွန်မရင်သားတွေရဲ့အဓိပ္ပာယ် ပျောက်ဆုံးသွားတယ်
လူသား မိန်းမသားဘဝကို ခြိမ်းခြောက်စိန်ခေါ်နေတဲ့ စက်ရုပ်မ
ကျွန်မ ကျိန်ဆဲသံကိုတော့ သူတို့နှစ်ယောက်လုံး ကြားနိုင်မယ် မထင်
ယောက်ျားဟာ ကျွန်မကို ဂရုမစိုက် စက်ရုပ်မကို အပြင်းအထန် ဖိုက်နေတယ်
စက်ရုပ်မက ပျားရည်ဆမ်းကာလ ကျွန်မရဲ့လိင်အာရုံခံစားပုံ စရိုက်သဘာဝအတိုင်း သရုပ်ဆောင်
အိပ်ရာထဲ သူ့ကို ကြည့်ရတာ အိမ်ထောင်ကျခါစ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရသလို
" အိုးမိုင်ဂေါ့ဒ် မိုက်စ် ဆီလီကွန်အရုပ်မရဲ့အရသာက လူသားမိန်းမထက် ပိုမိုက်စ်တယ်"
နံရံကပ် ကိုယ်လုံးပေါ်မှန်ထဲ ယောက်ျားတစ်ယောက်နဲ့ စက်ရုပ်မတစ်ယောက် အသက်ရှူသံတွေ မြန်ဆန်ပြင်းထန်လို့
စက်ရုပ်မက တကယ့် လူသားမိန်းမအစစ်တစ်ယောက်လို အာရုံခံစားနေတော့
ကျွန်မ အသိဉာဏ်နိမ့် စက်ရုပ်တစ်ရုပ်လို ဖြစ်သွားတယ်
တိတ်ဆိတ်အေးခဲနေတဲ့ ဝမ်းနည်းနာကျင်မှု နည်းပညာသစ် အစားထိုးခြင်းခံလိုက်ရတဲ့ နည်းပညာဟောင်း စက်ရုပ်တစ်ရုပ်ရဲ့သိမ်ငယ်မှု
ကျွန်မပါးပြင်ပေါ် ဓာတုပစ္စည်းနဲ့ လုပ်ထားတဲ့ မျက်ရည်တွေ စီးကျလာတယ်
" အချစ်ကြောင့် ဝမ်းနည်းနာကျင်ရခြင်းဟာ ရှင်တို့ လူသားတွေဆီမှာ ပျောက်ဆုံးသွားခဲ့တာ ကြာပြီလေ။ အဲဒါက ကျွန်မတို့ ဆီလီကွန်မတွေရဲ့စရိုက်သဘာဝ။ ကျွန်မ ဖြစ်တည်မှုနဲ့ အနှစ်သာရကို ဂျေဝင်မနေပါနဲ့။ ရှင့်ကိုယ်ရှင် ကျွန်မထက် ပိုကောင်းအောင်ပဲ ကြိုးစားပေါ့"
ဆီလီကွန်မ အလှည့်ပြီးသွားတော့ ကျွန်မအလှည့် ရောက်လာ
ကျွန်မ ယောက်ျားပေါ် တက်ခွလိုက်တယ်
" အိုးမိုင်ဂေါဒ့် မိုက်စ်တယ်။ လူသားမိန်းမကလည်း ဆီလီကွန်အရုပ်မလိုပဲ မိုက်စ်တယ်"
ယောက်ျားက ကျွန်မဆီက စိမ့်ထွက်လာတဲ့ လိင်အရသာကို မျက်လုံးစင်း ခံစားလို့
ကျွန်မ အပြင်းအထန် ဆောင့်တယ်
လူသားမိန်းမဟာ ဆီလီကွန်မထက် ပိုကောင်းတယ်ဆိုတဲ့ အသံ
ယောက်ျားဆီက မကြားရမချင်း မီးကုန်ယမ်းကုန် ဆောင့်တယ်
သတ္တုအစိုင်အခဲတစ်ခုလို နှလုံးသားနဲ့
ဘယ်အချိန်က သေဆုံးသွားခဲ့မှန်း မသိတဲ့ ချစ်ခြင်းမေတ္တာနဲ့
ကိုယ်တွင်း ဇီဝဓာတုပစ္စည်းတွေဆီက စီးဆင်းလာတဲ့ ဝမ်းနည်းနာကျင်မှုတွေနဲ့
ဆီလီကွန်မအပေါ် ပြင်းထန်တဲ့ မနာလိုစိတ်နဲ့
မိန်းမသားဘဝ ဖြစ်တည်မှု ပျောက်ဆုံးသွားမှာ သွေးပျက်ကြောက်လန့်တဲ့ စိတ်နဲ့။

အောင်ရင်ငြိမ်း
၇ ဒီဇင်ဘာ ၂၀၁၆

* * * * *

Haha ပဲ ရ မေ Haha
…………………………………………………………

လေဆိပ်သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးနောက်
မစ္စတာ တရားမျှတမှု သေဆုံးသွားတယ်
တရားမျှတမှုဟာ ဘယ်တော့မှ အသက်ပြန်ရှင်မလာတော့ နောက်ဆုံးမှာ အမှန်တရား အောင်ပွဲခံရလိမ့်မယ် မျှော်လင့်ချက်ကလည်း
ခေတ်သစ်ကမ္ဘာကြီးနဲ့ ဟာမိုနီမဖြစ်တော့
လူငယ်တွေ နိုင်ငံရေးကို Reaction တစ်ခု ပေးလိုက်ကြတယ် Haha
တရားဥပဒေစိုးမိုးရေး စကားလုံးလည်း Haha ပဲ ရမေ
ဒီမိုကရေစီ စကားလုံးလည်း Haha ပဲ ရမေ
ပြစ်မှုကျူးလွန်သူရဲ့နောက်ကွယ်က လက်မည်းကြီးကို ဖမ်းဆီးရမိရေး စစ်တပ်နဲ့ရဲတပ်ဖွဲ့က အစွမ်းကုန်ကူညီဆောင်ရွက်သွားမယ်ဆိုတာလည်း Haha ပဲ ရမေ
အစိုးရ သတင်းစာရှင်းလင်းပွဲလည်း Haha ပဲ ရမေ
အဲဒီနောက် မအောင်မြင်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အဲဒီနောက် ပွန်းပဲ့စုတ်ပြဲသွားတဲ့ အမျိုးသားရင်ကြားစေ့ရေး
အဲဒီနောက် ပိုမိုကျယ်လောင်လာတဲ့ လှောင်ပြောင်ရယ်မောသံများ
Haha Haha Haha Haha Haha Haha Haha
Haha ပဲ ငါတို့လှောင်ရယ်သံတွေကို နိုင်ငံတော် ကြားလိမ့်မယ် ထင်မိတာလည်း Haha ပဲ
ငါတို့အော်သံတွေကို ဘယ်သူမှ မကြားတာလည်း Haha ပဲ
ငါတို့အော်သံတွေဟာ Sleep Paralysis ဖြစ်နေသလို
ကူကယ်ရာမဲ့ ထိတ်လန့်တကြား အသည်းအသန် သေလုမျောပါး
Haha အဲဒါမှ တကယ့် Haha
သတင်းစာတွေဟာ စစ်အစိုးရလက်ထက်တုန်းကလို မပြောင်းမလဲ
အသိဉာဏ်စနစ်တွေလည်း စစ်အစိုးရလက်ထက်တုန်းကလိုပဲ မပြောင်းမလဲ Haha
ဘာတွေ ပြောင်းလဲလာသလဲဆိုတော့
ဒီမိုတွေ အာဏာရှင် စောက်ချိုးပြောင်းလာတယ် Haha
အဖြူရောင်တီရှပ်တစ်ထည် နိုင်ငံရေးလောကထဲရောက်သွားတော့ တစ်လအတွင်း အနက်ရောင် ပြောင်းသွားတယ်
Haha
အသံထွက်ကျယ်တဲ့ နိုင်ငံရေးသမား လွှတ်တော်ထဲ ရောက်သွားမှ အသံတိတ်သွားတာ Haha ပဲ ရသင့်တယ် မဟုတ်ဘူးလား Haha
ပခုံးသားဖွေးဖွေးပေါ် ခေတ်ပညာတတ်မိန်းမ တက်တူးထိုး ရှေးရိုးစွဲအယူအဆတွေနဲ့ အသက်ရှင်နေတာလည်း Haha ပဲ မဟုတ်ဘူးလား
Haha လူ့အဖြစ်ကိုယ်တိုင်က Haha ပါပဲကွာ ခေတ်ကြီးတစ်ခုလုံးလည်း Haha
ချစ်ခြင်းမေတ္တာကို အယုံအကြည်ကင်းမဲ့ခြင်းဟာ ခေတ်သစ်စိတ်ရောဂါတစ်မျိုး
အေး မင့် စောက်ရူးဒဿနတွေ Haha ပဲ ရမေ Haha
ကျွန်မတို့အစိုးရက ခေါင်းပဲရှိပြီး ကိုယ်လုံးမပါဘဲ အုပ်ချုပ်နေရသလို ဖြစ်နေတယ် အေး နင်လည်းHaha ပဲ ရမေ
တရားဟောပလ္လင်ပေါ် ရုပ်တည်ကြီးနဲ့တက်ထိုင် ပါးစပ်ကို တိပ်နီတိပ်မည်းနဲ့ ကြက်ခြေခတ်ကန့်လန့်ပိတ် Performance လုပ်ပြတဲ့ ကတုံး အေး မင်းကတော့  Haha 969 ခု ရမေ Haha
ကျွန်မတို့နိုင်ငံ ပြောင်းလဲချိန် တန်ပါပြီ လူတစ်ဦးချင်းပြောင်းလဲမှုကနေ တစ်နိုင်ငံလုံး ပြောင်းလဲမှုဆီ သွားကြပါစို့ ဟုတ်ကဲ့ အန်တီလည်း Haha ပဲ ရမေ Haha
လူငယ်တွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ ခေတ်ကြီးတစ်ခုလုံးကို နာနာကျင်ကျင် Haha
နောက်ဆုံး
လူငယ်တွေရဲ့Haha Reactions တွေကိုယ်တိုင် Haha ဖြစ်သွား
အနုပညာဆိုတာ ဒီပရက်ရှင် [ Haha]
ကဗျာရဲ့အသက်က ကဗျာဘာသာစကား [ Haha]
ဂီတကို တကယ်ချစ်ရင် ဘီလီလမင်းအေးလေးကို Vote လုပ်ပါ [ Haha]
စစ်ပွဲတွေ ရပ် !!! တရားမမျှတမှုတွေ ရပ် !!!
[ Haha ]
စစ်သားအစိတ်သား ချက်ချင်းထွက် !!! [ Haha]
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂၀၀၈ ကို အကြွင်းမဲ့ ဖျက်သိမ်းပေး [ Haha]
ငါကတော့ ရည်းစားဘယ်လောက်များများ
ဘဝအာမခံချက် ပေးနိုင်တဲ့ ယောက်ျားကိုပဲ ရွေးယူမှာ [ Haha]
တရားမျှတမှုကိုယ်တိုင် တရားစွဲဆိုခံနေရတယ် [ Haha]
အနာဂတ်မှာ DASSK နဲ့ NLD ထက် စစ်တပ်ပါဝါကို ယှဉ်နိုင်မယ့် နိုင်ငံရေးခေါင်းဆောင်မှုမျိုး ကျွန်တော်တို့ လိုအပ်တယ် [ Haha]

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~