(မောနင်းစတားစာစုများ - ၃)


ဒီအိုင်ချင်းကဗျာလေးတွေကို နားလည်သမျှဉာဏ်စွမ်းနဲ့ချဉ်းကပ်ပြီး ပြန်ပြောပြတဲ့
စာစုလေးတွေမှာ ညှင်းကို ဘယ်ကပွားသလည်းတော် ဆိုတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့
ဒီကဗျာလေးကနေ စ ရေးဖြစ်ခဲ့သလို၊ မောနင်းစတားလက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ရေးပြီး
ပြီးတာနဲ့ Post လုပ်ခဲ့တာမှာ
ချစ်ခင်စွာဖြင့် ဒီဇိုင်းမျိုးဆွေသန်း၊ ၉၊ မတ်လ၊ ၂၀၁၅ အခုမောနင်းစတား လို့တွေ့ပါတယ်။

( တောင်တွင်းကရှင်ငြိမ်းမယ်နှင့် ညှင်းအုံကို အကုန်မရသေးသည့် မြန်မာစာပေသစ်)

ညောင်ရမ်းခေတ်က မြန်မာစာပေသမိုင်းမှာ စာပေသစ်တွေအပေါ်ထွန်းဆုံးကာလပဲ
ဖြစ်တယ်၊ ရှေးက ရေးဖွဲ့ခဲ့လေသမျှက နန်းတော်တွင်းမြင်ကွင်းများ၊ ဘုရားဟောဇာတ်
နိပါတ် အဌကထာများ၊ ဘုရင်ဘုန်းတော်ဘွဲ့များ ဘုရင့်သမီးတော်များကို ရေးဖွဲ့ကြတဲ့
အကြောင်းအရာတွေပဲ ဖြစ်ခဲ့တော့ ပျို့၊ ရတု၊ ဧချင်း စတဲ့ပုံသဏ္ဍာန်တွေနဲ့ပဲ ရေးဖွဲ့ခဲ့ရာ
ကနေ၊ တောသူတောင်သား၊ သာမာန် အသည်သားတွေ အကြောင်းနဲ့ သူတို့ရဲ့ ဘဝ
ပတ်ဝန်းကျင်ကို ရေးဖွဲ့လိုတဲ့ အတွက် အကြောင်းအရာကနေ တောင်းဆိုလို့ ပေါ်ပေါက်
လာတဲ့ အရေးအဖွဲ့ ပုံသဏ္ဍန်တွေ ထဲမှာ ရှင်ငြိမ်းမယ်ရဲ့ မိန်းမပျိုသူငယ်ချင်း အချင်းချင်း
တ ခေါ်ပြီး ရွတ်ဆိုရတဲ့ အိုင်ချင်း ဆိုတဲ့ ကဗျာလေးတွေလည်း ပါဝင်ခဲ့တယ်။

အိုင်ချင်းကဗျာလေးတွေက ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောင်းမတို့ရေ နဲ့
အစချီပြီး ကင်းကိုဘယ်ကထားသလဲတော်၊ ညှင်းကိုဘယ်ကပွားသလဲတော် ဆိုတာမျိုး
ရေးဖွဲ့ မယ်၊ ဝါဆိုငယ်မှ ဝါဦးမြေနူးနူး ကာလမှာ သူ့ကို လာတောင်းလှည့်ပါပြောမယ်၊
နတ်ခရိုင်နဲ့ ဈေးဆိုင်နဲ့ သူ့အိမ်ကိုညွှန်းချင်ညွှန်းမယ်၊ သူတို့ချစ်ခြင်းကို ကွေကွင်းအောင်
မွှေတဲ့ ကုန်းတိုက်တဲ့ သက်ကြီးရွယ်အို ကြီးတော်တွေကို ရေလိုခမ်းခြောက်ပါစေသား
လို့ ပြောချင်ပြောမယ်၊ ဘုရားသောက်တော်ရေအိုးထဲက ကျွမ်းထိုးကောင်လေးလို
သူ့ ယောက်ယက်ခတ်မှုကို ဥပမာပေးချင် ပေးတော့မယ်။

ဒီလို အကြောင်းအရာတွေကို ရေးဖွဲ့ ချင်လို့၊ ဒီမြင်တွေ့မှုလေးတွေကို အာရုံခံရာကနေ
အိုင်ချင်း ဆိုတဲ့ ရေးဖွဲ့မှုပုံသဏ္ဍာန်အသစ် ပေါ်ထွန်းခဲ့တယ်၊ အဲဒီအိုင်ချင်းလိုပဲ အသည်
ဝန်ကြီးခေါ်တဲ့ စိုက်ပျိုးရေးဝန်ကြီး ပဒေသရာဇာက နိုင်ငံတစ်နံတစ်လျားက စိုက်ပျိုးမြေ
တွေပေါ်ကိုရောက်မယ်၊ ထန်းတောတွေကိုရောက်မယ်၊ မြစ်ချောင်း အင်းအိုင်တွေကို
ရောက်မယ်၊ သူရောက်တဲ့နေရာက အခြေခံလူတန်းစားတွေဖြစ်တဲ့ သာမာန်လူတွေရဲ့
ဘဝကို မြင်တွေ့ စာနာမိမယ်၊ အဲဒီမှာ နန်းတော်ထဲက ခြူးပန်းခြူးနွယ်တွေ ပြောင်လက်
တဲ့စိန်ရောင် ဖန်ရောင်တွေကို ကျောခိုင်းခဲ့ပြီး ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊၊ ကလိုင်သာ
လွယ်လို့ တက်သည်နှင့်လေးဆိုတဲ့ ထန်းတက်သမား၊ ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်
လေး ဆိုတဲ့ လယ်သမား၊ မြဲမြံရွှင်အားကြိုးပါလို့လေး ဆိုတဲ့ တောဆင်ဖမ်းသမား၊ တောင်
ပိုင်တက်သမား၊ ပိန်းကောလှေငယ်ရှင် စသည်တို့ရဲ့ အကြောင်းအရာတွေက စာဆိုရဲ့
နှလုံးသားကို စေ့ဆော်တော့ တျာချင်းဆိုတဲ့ ပုံသဏ္ဍာန်အသစ်တစ်ရပ်နဲ့ ညောင်ရမ်း
ခေတ်ရဲ့ စာပေသစ်ကို ဖွင့်လှစ်ပေးခဲ့ပြန်တယ်။

ဝန်ကြီးရဲ့စာပေအဆင့်အတန်းနဲ့ စိတ်နေမြင့်မားပုံကို နှောင်းပညာရှင်တွေ မှတ်ချက်ပြု
ခဲ့ ကြရာမှာ
ဝန်ကြီးသည် ဆင်းရဲသားတို့၏ဘဝကို ဂုဏ်လည်းမတင် နှိမ့်လည်းမချ၊ အရှိအတိုင်းသာ
မှတ်တမ်းတင်ရေးဖွဲ့ခဲ့လေသည်လို့ ဒေါသကင်းတဲ့ စာဆိုပညာရှင် ကောင်းတစ်ယောက်
အဖြစ်၊ ညောင်ရမ်းခေတ်ရဲ့ စာပေသစ် မီးရှုးတန်ဆောင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီလိုကျေးလက်နေ သာမာန်တောသူတောင်သားတွေရဲ့ ဘဝကိုဂုဏ်လည်းမတင်
နှိမ့်လည်းမချ၊ သူ့ ဘာဝအတိုင်းသာ ပြောပြလိုခဲ့တဲ့ တောင်တွင်းရှင်ငြိမ်းမယ်နဲ့
ဝန်ကြီးပဒေသရာဇာတို့  ၂ ဦးကြောင့် မြန်မာစာပေသမိုင်းမှာ ညောင်ရမ်းခေတ်ဟာ
စာပေသစ်များပေါ်ထွန်းရာကာလအဖြစ် မှတ်တမ်း တင်ကျန်ရစ်ခဲ့ ရပါတယ်။

၁၁ ရာစုမှာ ဧရာဝတီ ညောင်ဦးကမ်းပါးကနေ ပထမမြန်မာနိုင်ငံကို ရလာတဲ့ မြန်မာ
တွေဟာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ တွေကိုပါ ရရှိလာခဲ့ခြင်းကနေ ဖွံ့ဖြိုး
ခိုင်မာလာခဲ့တဲ့ စာပေသမိုင်းကြောင်းမှာ ညောင်ရမ်းခေတ်က ဝန်ကြီးပဒေသရာဇာနဲ့
တောင်တွင်း ရှင်ငြိမ်းမယ် တို့ဟာ အရေးပါလှပါတယ်။

လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို တိုင်းတာရာမှာ စာပေ ဆိုတဲ့
Literature က အရေးကြီးလှပါတယ်၊။

ဒီနိုင်ငံရေမြေနယ်နိမိတ်ထဲမှာ မြို့ပြနိုင်ငံခေတ်က ပျူလူမျိုးတွေ စာပေကွယ်ပျောက်
သွားသလို လူမျိုးပါ ကွယ်ပျောက် ခဲ့ရတာကို မြင်နိုင်ပါတယ်၊ ဒီအနှိုင်းအဆမှာ မြန်မာ
စာပေအဆင့်အတန်းကို ချင့်တွက်မယ်ဆိုပါရင် ၁၁ ရာစုက စခဲ့တဲ့ စာပေလမ်းကြောင်း
ဟာ ခေတ်အလိုက် ပြောင်းလဲခဲ့ရာမှာ အကြောင်းအရာတွေက တောင်းဆိုမှသာ
ပုံသဏ္ဍန်တွေ ပေါ်ထွန်းခဲ့ကြတယ်ဆိုတဲ့ မှန်ကန်တဲ့ဖွံ့ဖြိုးမှုကို တွေ့မြင်ရ ပါလိမ့်မယ်။

ဒီလမ်းကြောင်းမှာ အသည်ဝန်ကြီး ပဒေသရာဇာက မြန်မာဂီတမှာ အရေးပါကြောင်း
အခုအထိ သက်သေခံနေတဲ့ တံတျာတေရှင် ပုဇင်းတောင်သံကြိုးကို ရေးဖွဲ့ခဲ့သလို၊
ယဉ်လွန်း၊ နုလွန်းတဲ့အရာမှာ အခုထိ စံအဖြစ် ရှိနေတုန်းပဲဖြစ်တဲ့ သူဇာပျို့ကိုလည်း
ဝန်ကြီးပဲ ရေးဖွဲ့ခဲ့တဲ့အပြင် မဏိကက်ပြဇာတ်၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊
ယိုးဒယားသံရောက်ပျို့၊ ကုမ္မာဘယပျို့၊ သမုဒ္ဒဃောသပျို့၊ မနော်ပျို့၊ တောထွက်
ခန်းပျို့၊ ဒန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊မဟာပတိပျို့၊ နမောလင်္ကာပျို့၊
ဆန္ဒပြန်ပျို့ စသည်ဖြင့် ဧချင်းများ၊ ရတုများ၊ ပျို့များ သီချင်းများ၊ များစွာကိုလည်း
ရေးဖွဲ့ခဲ့တဲ့ စာပေပညာရှင် ဖြစ်ပါတယ်။

ဒါပေမယ့် အသည်ဝန်ကြီးလို့ ခေါ်တဲ့ စိုက်ပျိုးရေးဝန်ကြီးဘဝမှာ နိုင်ငံတစ်နံတစ်လျား
က လယ်သမားတွေ၊ ထန်းတက်သမားတွေ၊ ပိန်းကောလှေငယ်ရှင်တွေ၊ တောင်ပေါ်
တက်စီးပွားရှာတဲ့ဈေးသည်တွေ၊ ဆင်ဖမ်းသမားတွေရဲ့ ဘဝတွေကို တွေ့မြင်စာနာ
မှတ်တမ်းတင် ရေးဖွဲ့လိုတဲ့အခါ ရတု၊ ရကန်၊ ပျို့ပုံသဏ္ဍန်တွေနဲ့ ရေးဖွဲ့ဖို့ အံမဝင်
တော့လို့၊ အကြောင်းအရာရဲ့ စေ့ဆော်မှုက ဝန်ကြီးရဲ့ နှလုံးသားကို ရိုက်ခတ်တဲ့အခါ
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်၍ တက်သည်နှင့်လေး၊ သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျော်သာ ယုန်ပိုက်စည်းကယ်နှင့်လေး။ ဆိုတဲ့ တျာချင်းကဗျာ အရေးအဖွဲ့
ပုံသဏ္ဍန်သစ်ဟာ ညောင်ရမ်းခေတ်မှာ ပေါ်ထွန်းခဲ့ပြီဆိုတာ ခုနှစ်နဲ့ အစောဆုံးတွေ့
ရတဲ့ ခရစ်နှစ် ( ၁၁၁၃ ) ခုနှစ်က ရေးထိုးခဲ့တဲ့ ရာဇကုမာရ် ကျောက်စာက မြန်မာစာဟာ
ဒီနေ့ ၂၁ ရာစုထိ လာရာလမ်း အလယ် တစ်ဝက်ခန့် ၁၆ ရာစုမှာ အကြောင်းအရာက
တောင်းဆိုလို့ ပုံသဏ္ဍန်ပါ ရရှိခဲ့တယ်ဆိုတဲ့ စာပေသစ်အဆင့်အတန်းတစ်ခုကို ဝန်ကြီး
ပဒေသရာဇာနဲ့တောင်တွင်းကရှင်ငြိမ်းမယ်တို့က တွန်းတင်လိုက်တာက အထင်းသား
မြင် နေရပါသေးတယ်။

ညောင်ရမ်းခေတ် ရှင်ငြိမ်းမယ်က ကောက်ပင်စိုက်ခင်း လယ်မြေပေါ်က ကောက်စိုက်
သမလေးတွေ အချင်းချင်းရဲ့ အတွင်းဘဝထဲက Love Affairs တွေအကြောင်း ပြောပြ
လိုတဲ့ သူ့နှလုံးသားကို စေ့ဆော်ခဲ့လို့ အိုင်ချင်းဆိုတဲ့ အရေးအဖွဲ့ကို အခုဥာဏ် အသိနဲ့
ခြေရာခံပြီး ခံစားကြည့်ပေါ့။

( ညှင်းကိုဘယ်ကပွားသလဲတော် )

ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းငယ်ကောင်း၊ ယောက်မတို့လေ
စိုက်ရေးငယ်မှကျင်းကျင်း၊ အမကြီးမယ်သာစိုက်သည့် ကောက်ပင်ရင်းမှာ
ကင်းကို ဘယ်ကထားသလဲတော်၊
ညိုလဲ့ငယ်မှရှင်းရှင်း၊ မောင်ကလေး မောင့်လည်ပင်းမှာ
ညှင်းကို ဘယ်ကပွားသလဲတော်။. ။
စိုက်ရေးငယ်မှကျင်းကျင်း၊ အစ်မကြီးမယ်သာစိုက်သည့်ကောက်ပင်ရင်းမှာ၊
ကင်းကို လယ်ကထားသတဲ့၊
ညိုလဲ့ငယ်မှရှင်းရှင်း၊ မောင်ကလေးမောင့်လည်ပင်းမှာ
ညှင်းကို မယ်ကပွားသတဲ့။
နေ့ကိုမပေး၊ ညဥ့်ကိုပေးသည်၊ ညှင်းသေးငယ်မှပြဲ့ပြဲ့၊
အမယ်မင်းငယ်နှင့် ဘမင်းနေသည်၊ အိမ်ခြေဝင်းနှင့်၊ ရွှေအင်းသူငယ်၊
မယ့်ညှင်းအုံကို အကုန်မပေး၊ ကြွင်းသေးငဲ့လေ။. ။
အပျိုဖြူငယ်ကကျွမ်းပါတဲ့၊ လွမ်းတုံ့တင်လေး။
(တောင်တွင်းရှင်ငြိမ်းမယ်)
ညောင်ရမ်းခေတ်။

အိုင်ချင်းဆိုတာ လွယ်လွယ်ပြောတော့ အသံအိုင်အိုင်နဲ့ ရွတ်ဆိုရတဲ့ ကဗျာတဲ့
ရင်ထဲအသည်းထဲ နှလုံးသားထဲက အသံနဲ့ ရိုးသားစွာရွတ်ဆိုရတဲ့ ကဗျာတွေတဲ့။
သူ့စရိုက် လက္ခဏာက သူငယ်ချင်းမ တစ်ယောက်ယောက်ကို တ ပြီးရွတ်ဆိုလေ့၊
တိုင်တည်လေ့ရှိလို့ ချစ်တဲ့သူငယ်လေ သူငယ်ချင်းရယ်ကောင်း ယောက်မတို့လေလို့
အစပြုတတ်တယ်၊ ပြီးတာနဲ့ သူ့ရဲ့ချစ်စရာကောင်းတဲ့ ဒုက္ခလေးတွေကို ပြောပြတော့
တာပါပဲ။

ဟဲ့ ကောင်မရယ် နင်စိုက်တဲ့လယ်မှာ ကင်းကိုဘယ်ကထားသလဲဟယ် ဆိုတာ
စပါးပျိုးပင်တွေကို စိုက်မယ့် လယ်ထဲကိုယူလာပြီး စစိုက်တဲ့ပျိုးပင်ကို မှတ်တဲ့နေရာ
(Starting Point) ကိုပြောတာပါ၊ ပြန်ဖြေပါတယ် ငါ အလယ်မှာ စစိုက်ပြီး အလယ်က
စထွက်တယ်တဲ့၊ ဆက်မေးပါတယ် ငါ့မောင်လည်ပင်းက ညှင်းက ဘယ်ကပွားသလဲတဲ့၊
သူသိတယ်၊ သူ့မောင်လေးမှာ အရင်ကညှင်းမရှိဘူး ဒီကောင်မမှာ ညှင်းတွေနဲ့
သူ့မောင်နဲ့ သူ့ သူငယ်ချင်းမ ကြိုက်နေတာကြားတယ် ဒါ့ကြောင့်မေးတာ၊ တည့်တည့်
မေးလိုက်တာပဲ၊ ကင်း ဘယ်က စထွက်တာလည်းမေးပြီး၊ ညှင်း ဘယ်ကစပွားတာလည်း
မေးလိုက်တော့တာပဲ၊ ဟိုကလည်းပြန်ဖြေပါတယ်၊
ညှင်းကိုမယ်ကပွားသတဲ့တော်တဲ့ ငါ့ဆီကဟေ့လို့ ပြောလိုက်တယ်၊ တည့်တည့်ရှင်းရှင်းပဲ
ဆက်ပြောလိုက်တယ် နေ့ကိုမပေး ညဥ့်ကိုပေးသည် တဲ့၊ ညည့်မောင်နဲ့ ညညချိန်းတွေ့
တပဲအေလို့ ပြောလိုရင်းပဲ။
ဆက်ပြောပါတယ် သိတ်ပြီးတော့လည်း ညည့်မောင်ကို သည်းမနေပါနဲ့အေ ငါ့မှာလည်း
အမယ်မင်းနဲ့ ဘမင်းလည်းနေတဲ့ မအေနဲ့ဖအေနဲ့ လူကြီးသူမ အဆုံးမအောက်မှာ နေတဲ့
သူပါ၊ အိမ်နဲ့ခြံနဲ့ပါ၊ အခြေအနေမဲ့ မဟုတ်ပါဖူးအေလို့ ပြောပြီး၊ ဒါတောင်မှညည်းမောင်ကို
ငါအဆုံးထိ မချစ်သေးပါဘူးအေ မစိုးရိမ်စမ်းပါနဲ့တဲ့၊ အဲဒီသဘောနဲ့ ပြောလိုက်ပုံက
မယ့်ညှင်းအုံကို အကုန်မပေး ကြွင်းသေးငယ့်လေတဲ့။
ညှင်းအုံကို အကုန်ရတဲ့ အဆင့်ထဲမှာ ညည်းမောင် မပါသေးဖူးဆိုပဲ၊
ဒါပေမယ့် သူ ငယ်စဉ်ဘဝတည်းက အချစ်အလွမ်း အပြန်အလှန်ရှိခဲ့တဲ့ ချစ်သူပါတဲ့။
ဒါ ကောက်စိုက်ရင်း ပြောဆိုနေကြတာနေမှာပါ။
သိတ်လှတဲ့ နိမိတ်ပုံလို့ထင်ပါတယ် ငါက နင့်မောင်ကို ငါ့ညှင်းအုံကို အကုန်မပေး
ကြွင်းသေးငယ့်လေ တဲ့။

ဒါ့ကြောင့်လည်း အိုင်ချင်းကဗျာလေးတွေက အလွမ်းမှန် လွမ်းသန်လေးတွေပါလို့
ပြောစမှတ်တွင်ရစ်ခဲ့တာပါ။

ကျွန်တော့်မိတ်ဆွေများလည်း အလွမ်းမှန် အလွမ်းသန်တွေများပါတယ်၊
ဒီတော့လည်း နောက်လူတွေဖတ်ရရင်၂၁ရာစု မြန်မာသမီးပျိုများရဲ့ အလွမ်းမှန်
အလွမ်းသန်လေးတွေလို့ ပြောရစ်ကြရအောင် ၂၁ ရာစု အိုင်ချင်းလေးများလည်း
ရေးဖွဲ့ကြပါဦးလို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် ညမှပေးတဲ့ ညှင်းအုံကို အကုန်ရချင် နေမိသလို၊ ရှင်ငြိမ်းမယ်ပေးခဲ့တဲ့
မြန်မာစာပေသစ်ကို အကုန်ရခဲ့ကြပါသလားဆိုတာမျိုးလည်း မြန်မာစာပေ
ဖြတ်သန်းလာခဲ့ရာ လမ်းကြောင်း တစ်လျောက်ကို စောကြောကြည့်သင့်ပါတယ်။

အရှေ့အရပ် လောကဓါတ်တစ်ခွင်မှ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော
ဗန္ဓုကမ္ဗလာနေမင်းကြီးသည် ဆိုသော အရေးအဖွဲ့မျိုး၊ ကောင်းမျိုးအထွေထွေနဲ့
ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ ချွန်စေမြစေသော ဆိုတဲ့ ဆရာကြီးသခင်
ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများရဲ့ အရေးအသားမျိုးကနေ
လွတ်လပ်ရေးကျိုးပမ်းမှုဆိုတဲ့ အကြောင်းအရာ ပေါ်ပေါက်ခဲ့လို့ လွတ်လပ်ရေး
ဆိုတာကို မနက်လင်းတာနဲ့ သတိရနေပြီး အမြဲတမ်းအာရုံစိုက်နေဖို့ တစ်မျိုးသား
လုံးကို အသိပေးလိုရာကနေ ဆရာကြီးမင်းသုဝဏ်က လွတ်လပ်ရေးကို မြန်မာတို့ရဲ့
အောင်နိမိတ်ဖြစ်တဲ့ ရွှေဘိုနဲ့ သပြေပန်းတို့နဲ့ ခိုင်းနှိုင်းပြီး
သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့၊ သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ ဆိုတဲ့ သပြေညို ကဗျာနဲ့ အသိပေး ရေးဖွဲ့ခဲ့ရင်း လေးလုံးစပ်အရေးအဖွဲ့
ပုံသဏ္ဍာန်ကနေ စေမ်းစာပေဆိုတဲ့ စာပေအမျိုးစားသစ်တစ်ရပ် ပေါ်ထွန်းခဲ့ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းနေရတဲ့ ကာလမှာကြီးပြင်းခဲ့တဲ့ ဆရာမင်းသုဝဏ်ဟာ
အကြောင်းအရာက တောင်းဆိုလို့ မှန်မှန်ကန်ကန်ပေါ်ပေါက်လာရတဲ့ ခေတ်စမ်း
ကဗျာ အရေးအသားရဲ့မူလပိုင်ရှင်ဖြစ်တယ်။

လွတ်လပ်ရေးရယူဖို့ မမေ့မလျော့ရှိနေစေရန်အတွက် လွတ်လပ်ရေးကို သပြေညို
ဆိုတဲ့ ရွှေဘိုက အောင်ပန်းနဲ့ နှိုင်းပြီး မနက်လင်းတိုင်း လွတ်လပ်ရေးကို မျက်ခြေ
မပြတ်ကြစေရန် သတိပေးပြီး သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို
ဆိုတဲ့ လွတ်လပ်ရေးပန်းကို အားလုံးပန်ဆင်ခွင့် ရနိုင်ကြဖို့ သပြေညိုဆိုတဲ့ကဗျာနဲ့
အသိပေးရင်း ခေတ်စမ်းဆိုတဲ့ စာပေသစ်ကို ဆရာဇော်ဂျီနဲ့ အတူတွဲပြီး ရန်ကုန်
တက္ကသိုလ် တံစက်မြိတ်ကနေ ခေတ်စမ်းစာပေမီးအိမ်ကို ချိတ်ဆွဲထွန်းညှိပေးခဲ့တဲ့
သူဖြစ်ပါတယ်တဲ့။

ဒါ့ကြောင့်ဖြတ်သန်းနေတဲ့ ခေတ်ကြေးမုံပြင်က ရိုက်ခတ်လိုက်တဲ့ အကြောင်းအရာ
အသစ်ကြောင့် ရရှိလာမယ့် ပုံသဏ္ဍာန်အသစ်နဲ့ မြန်မာစာပေသစ်ကို ခေတ်စမ်းမီးအိမ်
အလင်းရောင်ရဲ့အောက်က ညမှာ ညှင်းအုံကို အကုန်ရနိုင်ပါစေ ဆုတောင်းပါတယ်။

( ဒီဇိုင်းမျိုးဆွေသန်း )

ပန်းချီကားပုံမှာ ပန်းချီဆရာဦးကံညွန့်ရဲ့
အောင်ပင်လယ်ကောက်စိုက်သမများ ဖြစ်ပါတယ်။

Comments

Popular posts from this blog

ပေါ်နွေလလျှင်

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~