ဆင်းရဲလေလေ သံဝေရရ ဓမ္မမေဒနီ လေးချိုးကြီး
(၁) အနို့တကယ်- သို့အသွယ်သွယ်တွေပေါ့နှော . . .
ငတို့နယ်တောရဂုံအညာမှာ၊ တလောတချီ က,သလိုပ၊
ဘို့မယ်၊ စောဥမ္မာ၊ ယောဂီဒကမတွေနှင့်၊
ဂေါသီလလိုပေါ့၊ တောမှီတပသအသွင်နှင့်မလျော်။
(အိုကွယ်)လောကီဘ၀တွင်ဖြင့်၊ ချောမည်လို့ လှကြတဲ့၊
ဟောသည်ဒကမတွေကြောင့် ထင်ရဲ့နော်။ ။
(၂) သြော် . . . တချို့ယမင်းတွေနှင့်၊ တို့အသင်းမှာတော့
ကိုယ့်မင်းကိုယ့်ချင်းအတွင် တ,ကြတဲ့
သခင်မများစွာ-အနှာတွေရှောင်လို့မို့၊
သာသနာအသရေဆောင်-ယင်းသို့သောဘာဝနာကသိုဏ်းတွေနဲ့
မြန်မာပြည်ဘောင်-မင်းတို့တောအညာစစ်ကိုင်းဆီက . . .၊
အများသဒ္ဓါပေါက်သဟာကို၊ စားခါသောက်ခါနှင့်မဆိုင်းချင်ဘု၊
ဌာနီမှာ - ပါတီဂိုဏ်းတွေနှင့်၊
အစားကောင်ဒကာတွေမှာ- ငါးထောင်အသပြာဝိုင်းချိန်မို့၊
အို! ဖိုးကြားတို့ရဲ့ . . . ကိုးရိုးကားယားနှင့်၊
အမျိုးသားမညီခင်မှာ - ယိုးဒယားပြည်တစ်ခွင်စိုင်းရော့မယ်လို့၊
အနှီ “သခင်မှိုင်းကြီး” ကြံစည်သော်လဲ့၊
စန္ဒီအဘော်အလှော် - ဘေဒါ၊ ကေသာက စပါလို့၊
နာမည်ကျော် - ခေမာဒကမတို့က
အစစ, သို့အရာရာ - ညှိုးငယ်စရာကျကျပြီးတော့၊
ကျမတို့မှာ - ကိုးကွယ်ရာမဲ့ကြလျှင်ဖြင့်၊
တပဲ့မတွေ တစ်မူကွက်ပါလို့၊ လူထွက်မယ်တစာစာလျှောက်ပြန်တော့
ညှာထောက်ခါ သနားရတာကလဲတစ်ဖက်ပေမို့၊
သြော် . . . ဆူသမို့ - ပူသမို့ - တစူစူညို့ကြတဲ့၊
“ဟောဒီ” သူတို့အပါးကဖြင့်၊
တစ်ဖ၀ါးမျှ - မသွားမကြွသာလို့ ပျက်ရတဲ့ပြင်၊
လက်စပြန်မပြောချင်ဘု - ခက်စရာ့အတန်တန်ပေါပေတဲ့၊
သံယောဇဉ်ကြိုးတွေကလဲ ဆိုင်းချိန်မို့ . . .၊
မပြေးချင် - ပြေးချင်မှာ - ကြွေးရှင်တွေ ၀ိုင်းသလိုပ၊
စစ်ကိုင်းဘက်ဝနာအပေါ်မှာနော်ကွယ်၊
ကသိုဏ်းတစ်ဖက် - ဂိုဏ်းအတွက်ကယ်နှင့်- “မှိုင်း” ခက်ပါသော်။ ။
(၃) အများသောခမျာ၊ လာလေ,လာလေသမျှတွေကဖြင့်၊
တရားဟောကာ စာပေချရသနဲ့၊
တစ်ခါတလေမှ အားကွက် - နားကွက်မပေါ်။
မယားအတွက် - သားအတွက် ပျော်သလိုပ - သံသရာတရိုး၊
“အိုကွယ်” အမှားသက်သက်၊ အလကားခက်တော်မူရပါတဲ့-
ကံကြမ္မာတစ်မျိုး။ ။
(၄) အများတွက်တာ- ဘ၀စကြာသို့၊
အစစခက်ပါသမို့လဲ - မြန်မာ့လက်မှာ - ရွှေတွေငွေတွေလျှံဖို့လို့၊
ပဝေယမန်လက်ရှိသမထတစ်မျိုးပေပ၊
ချေချေငံငံ - အဂ္ဂိယမှလဲ မထိုးရသော်လဲ၊
အမျိုးဘာသာ သာသနာတည်တဲ့၊
အညာပြည်ထိုသမိုင်းမှာတော့၊ ဗမာပီပီနဂိုမရိုင်းပေတဲ့၊
အာဇာနည်ဗြဟ္မစိုရ်ဂိုဏ်းတွေပေါ့ . . . ၊
အမယ်မင်း . . . အပျိုဟိုင်း၊ အအိုဟိုင်းတွေနှင့် ထိုစစ်ကိုင်းမှာဖြင့်၊
အကုသိုလ် အပုံတိုးစေဖို့၊
“အို . . .မယ်စန္ဒာရဲ့” ရှိုတိုင်းရှိုတိုင်း၊ ဖိုလ်တစ်ဂိုဏ်းနှင့်၊
ဟိုကသိုင်း ဖွင့် - ဖွင့်ပြီးတော့၊
သြော် . . . အလိုအတိုင်းကျင့်ကြစေဖို့ - ကိုမှိုင်းနှင့် အခုလိုကြုံသကိုး။ ။
သခင်ကိုယ်တော်မှိုင်း
လေးချိုးပေါင်းချုပ်မှ
Comments
Post a Comment