ကဗျာနှစ်ပုဒ် မိန်းမနှစ်ယောက်
ဒီကနေ့လည်း
ကဗျာခံစားမှု ဆောင်းပါးတစ်ပုဒ်
တင်လိုက်ပါတယ်။
-------------------------------------
ကဗျာနှစ်ပုဒ် မိန်းမနှစ်ယောက်
------------------------------------------
၁။
စိုင်းဝင်းမြင့် ၏ “တစ်ယောက်တည်းစကား “ကဗျာစာအုပ်တွင် ဆရာ မောင်သာနိုး က အမှာစာဝင်ရေးပေးထား၏။ “အမှောင်” ဟု အမည်ပေးထားသည့်ကဗျာအပေါ် မောင်သာနိုး ၏ သဘောထားအမြင်ကို ကျွန်တော်ဖတ်ရ၏။ သူက “အမှောင်”ဟုအမည်ပေးသည့်ကဗျာကို ခေါင်းစဉ်ကအစ ဝေဖန်၏။ အကြောင်းအရာမှာလည်း ကဗျာဖွဲ့လောက်သည့်ကိစ္စမဟုတ်၊ အရူးမတစ်ယောက် လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စ၊ အဆန်းမဟုတ်ဟုဆိုကာ ဝေဖန်၏။ ဒါနဲ့တဆက်တည်း သည်လိုရိုးရှင်းသည့် ကဗျာမျိုးရေးဖွဲ့မိခြင်းမှာ ခေတ်ပေါ်စာပေ အဖတ်နည်းသည့်အတွက်၊ အင်္ဂလိပ်စာ အဖတ်နည်းသည့်အတွက်ဟု ကောက်ချက်ချ၏။
ကျွန်တော်ကတော့ “အမှောင်”ဟု အမည်ပေးထားသည့် ကဗျာအပေါ် ခေါင်းစဉ်နာမည်ပေးပုံကိစ္စ အဓိကထားပြီး မဆွေးနွေးလိုသော်လည်း ကဗျာတစ်ပုဒ်လုံးအပေါ် (အကြောင်းအရာ) ဆရာ မောင်သာနိုးနှင့် သဘောထားအမြင်မတူနိုင်အောင် ခံစားရ၏။ အထူးသဖြင့် “အရူးမတစ်ယောက် လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စ အဆန်းမဟုတ်၊ စာဖွဲ့လောက်သည့်ကိစ္စမဟုတ်” ဟုဆိုသည့် မောင်သာနိုး၏ သဘောထားကို ဘ၀င်မကျနိုင်အောင်ရှိ၏။ ထို့ကြောင့် စိုင်းဝင်းမြင့်၏ကဗျာကို ကျွန်တော့်မှာ အသေအချာဖတ်ပြီး စဉ်းစားရလေသည်။
အမှောင်
-------------------
အရူးမတစ်ယောက်
လင်ကောင် မပေါ်ဘဲ
ကလေးနှစ်ယောက် ရခဲ့ပေါ့။
၂။
သွန်းဘုရားကျောင်းဝင်းထဲကဖြတ်ပြီး ဈေးဖက်ကို ဦးတည်နေသည့် ကျွန်တော့်ခြေလှမ်းများမှာ ဘုရားကျောင်းဝင်းနှင့် မြို့မဘုန်းကြီးကျောင်းဝင်းနှစ်ခုခြားထားရာ အုတ်တံတိုင်းအပေါက်ဝတွင် ရပ်သွားရ၏။ လူသွားလမ်းနှင့် ၀ါးနှစ်ရိုက်ခန့်အကွာ အုတ်တံတိုင်းနှင့် ကပ်လျက်နေရာတွင် ဖြစ်က တတ်ဆန်းမိုးကာထားသည့် တဲပျက်တစ်လုံးတွေ့လိုက်ရသောကြောင့် ဖြစ်၏။ သက်ကယ်ပစ်သုံးလေးခုမိုးပြီး စောင်စုတ်သုံးထည် ၀ိုင်းကာထားသည့် တဲအတွင်းမှ မည်သည့်အသံမျှမကြားရ။ တိတ်နေ၏။ လူတစ်ရပ်မျှမရှိတရှိ အုတ်တံတိုင်းပေါ်မေးတင်ထားသည့် ၀ါးလေးလုံးကို အခြား ၀ါးတစ်လုံးနှင့်ထောက်ပြီး နှီးဖြင့်တုတ်ထား၏။ လေတစ်ချက်အဝေ့တွင် ကာထားသည့် စောင်အောက်အဖျားများမှာ မြေကြီးနှင့်ဒရွတ်တိုက်ပြီး လှုပ်ရှားသွားကြ၏။
ခဏတဖြုတ်ရပ်ကာ နားစွင့်ကြည့်သည်။ တဲထဲက မည်သည့်အသံမျှမကြားရ။ မတင်မကျစိတ်နှင့် လမ်းဆက်လျောက်ရန်စိတ်ကူးစဉ် တဲကလေးထဲမှ ကလေးငိုသံကြားတစ်ချက် စူးစူးဝါးဝါးကြားလိုက်ရ၏။ ထိုအခါမှပင် ကျွန်တော့်မှာ ကြားထားသည့်သတင်းကို အတည်ပြု လိုက်နိုင်တော့သည်။
“မင်းကလည်း ကြာမယ်ထင်ရင် သားတစ်ယောက်ကို ခေါ်သွားပေါ့ကွ”
“ခဏဆိုပြီးသွားကြည့်တာပါကွယ်၊ တညလုံးအော်နေသံကြားလို့ စိတ်မကောင်းလို့သွားကြည့်တာပါ။ ၁၄ လမ်းထဲက မိန်းနှစ်ယောက်လည်း ရောက်နေတယ်။ ဟိုရောက်တော့ မစိမ်းမြ ကလေးမွေးချလိုက်တယ်လေ။ အဲဒါညတွင်းချင်း နီးစပ်ရာယောက်ျားတွေ အကူအညီတောင်းပြီး တဲမိုးတဲ့သူကမိုး၊ ကာတဲ့သူကကာ၊ ကျမကတော့ ကလေးဝေယျာဝစ္စလုပ်ပေးနေရတာပေါ့။ မနက်ကျမှ စားစရာတစ်ခုခု သွားပို့ရဦးမယ်။ အခုတော့ ကျမအိပ်ချင်လှပြီ၊ သြော် .. မစိမ်းမြက မိန်းကလေးမွေးတယ် မောင်ရေ့ ”
မနက်မိုးမလင်းခင် မိဘနှစ်ပါး ပြောဆိုနေခဲ့ကြသည့်စကားများကို ကျွန်တော်စဉ်းစားနေမိသည်။ အရူးမ မစိမ်းမြ ဗိုက်နာလို့အော်သည့် အသံကို ကျွန်တော်လည်းကြားနေခဲ့၏။ ကျွန်တော်တို့အိမ်နှင့် သွန်းဘုရားကျောင်းဝင်းမှာ ကပ်လျက်ရှိနေသဖြင့် မစိမ်းမြ၏ ဗိုက်နာလို့အော်သည့်အော်သံကို အတိုင်းသား ကြားနေရ၏။
နံနက်ခင်း သွားထိုင်နေကြ မြင်းဖြူလဘက်ရည်ဆိုင်ရောက်တော့ မစိမ်းမြ ကလေးမွေးသည့်အကြောင်းကို သူငယ်ချင်းများးအား ပြောပြနေမိပြန်သည်။
“ မင်းပြောပြတာနားထောင်ပြီး မောင်စွမ်းရည်ရဲ့ ကဗျာတပုဒ်ကို ငါသတိရတယ်”
ကျွန်တော်က တ၀ိုင်းတည်းထိုင်နေသည့် ကိုခါး (ငခါး -ကွမ်းခြံကုန်းမဟုတ်ပါ) ကိုမော့ကြည့်ပြီး စိတ်ဝင်စားသွားရ၏။
“ ဟုတ်လား၊ အဲဒီကဗျာ ဘယ်မှာဘဲ၊ ကျွန်တော်ဖတ်ချင်တယ်”
“ အခုတော့ မပါဘူးလေ။ ဒါပေမယ့် ငါ အလွတ်ရပါတယ်။ နားထောင် ”
ကိုခါးက မောင်စွမ်းရည်၏ကဗျာကို ခပ်ဖြည်းဖြည်း ရွတ်ပြ၏။
သဲလွန်စ
-------------
သူတောင်းစားမ
ရုပ်ဆိုးလှလည်း
ရင်ဝခွင်လယ်
သားသူငယ်လျှင်
အဘယ်အတွက်ကြောင့် လှသနည်း . . .။
ကိုခါးကို ကျွန်တော်တို့အားလုံး ၀ိုင်းကြည်နေမိကြသည်။ မည်သူမျှ စကားမပြောနိုင်ကြ။
“ ငါ့စိတ်ထဲမှာ သူတောင်းစားမိန်းမတစ်ယောက်၊ ဖအေမပေါ်ဘဲ ကလေးမွေးတာ၊ ဆန်းတယ်လို့တော့မထင်ဘူး။ ဒါပေမယ့် သူမွေးတဲ့ကလေးက တသွေးတမွေးနဲ့ ၀၀ဖြိုးဖြိုး လှလှပပ၊ ရုပ်ချောဆိုတော့ ရပ်ကွက်ထဲကပိုက်ဆံရှိ၊ မျက်နှာကြီးမိသားစု တစ်စုစုထဲက ဖအေမပေါ်ဘဲမွေးတဲ့ ကလေးကို လမ်းဘေးမှာ သူများကောက်ယူမွေးစားချင်အောင် လှလှပပ၀တ်စားပြင်ဆင်ပြီးမှ ချထားခဲ့တာကိုမှ အဲဒီသူတောင်းစားမက မိခင်စိတ်နဲ့ကောက်ယူမွေးတဲ့သဘောလို့လည်း ယူဆလို့ရတယ်ကွ၊ မောင်စွမ်းရည်က ဒါကိုဖွဲ့တာ ဒါကဗျာဖွဲ့လို့ရတဲ့ကိစ္စ၊ ဖွဲ့ရမယ့်ကိစ္စ”
လက်ဖက်ရည်စားပွဲဝိုင်းက ထပြန်လာသည့်အချိန်အထိ သူတောင်းစားမ လင်ကောင်မပေါ်ဘဲ ကလေးမွေးသည့်ကိစ္စကို ကျွန်တော်တစ်ယောက်တည်း အတွေး နယ်ချဲ့နေမိခဲ့၏။ မောင်စွမ်းရည်၏ “သဲလွန်စ” ကဗျာနှင့် စိုင်းဝင်းမြင့်၏ “အမှောင်” ကဗျာတို့ကို နှိုင်းယှဉ်စဉ်းစားနေမိသည်။ မောင်စွမ်းရည်က သူ့ကဗျာ နိဂုံးချုပ်တွင် “ အဘယ်အတွက်ကြောင့် လှသနည်း …” ဟု မေးခွန်းဖြင့် နိဂုံးချုပ်၏။ ထို့ကြောင့် ထိုစာကြောင်းကလေးသည်ပင် ကဗျာမြောက်စေသည့် စာကြောင်းကလေးဖြစ်လာခဲ့၏။ စိုင်းဝင်းမြင့်ကလည်း “ကလေးနှစ်ယောက်ရခဲ့ပေါ့ ” ဟု နိဂုံးချုပ်ထား၏။ လူ့သမဂ္ဂတစ်ခုအတွင်း ကိုယ့်ကျင့်တရား ပျက်ပြားလျက်ရှိသည့် အခင်းအကျင်းအနေအထားကို ကဗျာနှစ်ပုဒ်စလုံးက ကိုယ်စားပြု၏။ မောင်စွမ်းရည်က ကဗျာဖတ်သူကို အဖြေရှာခိုင်းသည့်နည်းတူ စိုင်းဝင်မြင့်က ဂယက်အနက်အချို့ချပေးလိုက်၏။ စိုင်းဝင်းမြင့်ချပေးလိုက်သည့် ဂယက်အနက်ကြိုးစကိုဆွဲကာ ကျွန်တော်ဆက်တွေးနေမိစဉ် တနေရာအရောက်၌ အတွေးစမှာ တုန့်ခနဲ ရပ်သွားရ၏။ အရူးမ မစိမ်းမြ ဗိုက်နာလို့ အော်ဟစ်ပြောဆိုနေသည့် အသံများကို နားထဲတွင် ပဲ့တင်ထပ် ကြားလာရသောကြောင့်ပင်ဖြစ်သည်။
“သေချင်းဆိုး စောမောင်၊ နင်အခုတော့ ငါ့ကိုပစ်ထားလိုက်ပြီပေါ့ဟင်၊ … တုန်းကတော့ …. ပြီး၊ အခုတော့ ငါ့ကို ခွေးတစ်ကောင်လို ပစ်ထားလိုက်ပြီပေါ့၊ အောင်မယ်လေး … သေပါတော့မယ်၊ တရပ်ကွက်လုံး ဒီလိုပဲကြည့်နေကြတော့မှာလား …”
၃။
ယခုတော့ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ။ အရူးမ မစိမ်းမြ၏ နေရာတွင် အခြားမည်သည့် အရူးမများ ဘယ်နှစ်ယောက်အထိရှိခဲ့ပြီကိုမူ ကျွန်တော်မသိ။ သို့သော် စိုင်းဝင်းမြင့်၏ ကဗျာထဲက လင်ကောင်မပေါ်ဘဲကလေးမွေးသည့် အရူးမတစ်ယောက်အကြောင်း တွေးမိတိုင်း၊ ကျွန်တော် ငယ်စဉ်ကတွေ့ခဲ့ဖူးသည့် အရူးမ မစိမ်းမြ ကို လတ်လတ်ဆတ်ဆတ် ပြန်သတိရနေမိ၏။
စိုင်းဝင်းမြင့်၏ “ အမှောင် ” ဟုအမည်ပေးထားသည့်ကဗျာမှာ အမှောင်ထုအောက်က ဖြစ်ချင်တိုင်းဖြစ်ပျက်နေသည့် လူ့အဖွဲ့အစည်းတစ်ခု၏ အတွင်းသရုပ်ကို သရုပ်ဖော်ဖို့ကြိုးစားခြင်းသာဖြစ်သည်။ “အမှောင်” ကဗျာထဲက အရူးမအဖို့ ကလေးတစ်ယောက်မက နှစ်ယောက်အထိ ရခဲ့ပြီး မိအေးနှစ်ခါနာခဲ့ရပြီ။ “အမှောင်” ကဗျာမှာ ကိလေသာ တဏှာအမှောင် တစ်ခုတည်းကိုသာ ညွှန်းဆိုသည်မဟုတ်၊ ပုဂ္ဂလကိစ္စမဟုတ်၊ ဓမ္မအထိ ကူးလာနိုင်ခဲ့၏။ လူတန်းစားရပ်တည်ချက်ကို ဖော်ပြ၏။
စိုင်းဝင်းမြင့် ၏ “ အမှောင် ” ကဗျာထဲက အရူးမမွေးသော ကလေး၏ဖခင်သည် မည်သူနည်း …။ တရားခံ၏သဲလွန်စကို ကျွန်တော်တို့ ရှာကြည့်ရပေမည်။ သို့သော် ကျွန်တော်ငယ်စဉ်က တွေ့ခဲ့ဖူးသည့် အရူးမ “မစိမ်းမြ” မွေးသည့် ကလေး၏ဖခင်မှာ ကလေးမွေးကာနီး ဗိုက်နာလို့ အော်ပြောနေသည့် မစိမ်းမြ ၏ စကားအရ စောမောင် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်တန်ရာသည်ကိုမူ တရပ်ကွက်လုံးသိသွားကြရ၏။
အရူးမ မစိမ်းမြ နာမည်ထုတ်ဖော်ဆဲဆိုခံရသည့် ပုဂ္ဂိုလ်မှာ ရပ်ကွက်လူကြီး “ဦးစောမောင်” ဖြစ်သည်ကို လူတိုင်းသိသွားကြရ၏။
စိုင်းဝင်းမြင့် ၏ “ အမှောင် ” ကဗျာပါအကြောင်းအရာမှာ ကဗျာဖွဲ့လို့ရသည့် အကြောင်းအရာ၊ ကဗျာဖွဲ့ကိုဖွဲ့ရမည့်အကြောင်းအရာအဖြစ် ကျွန်တော် လက်ခံစဉ်းစားလာရ၏။ သည်နေရာတွင်မတော့ ဆရာမောင်သာနိုးနှင့်ကျွန်တော် အတွေးချင်း မတူခဲ့ပါချေ။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
မှတ်ချက်။ ။ ဒီဆောင်းပါးရေးထားခဲ့တာသည်ပင် ၇ နှစ်ရှိပါပြီ။

Comments
Post a Comment