နန္ဒမည်သာ
ကျည်းကန်ရှင်ကြီး
နန္ဒမည်သာ၊ နောင်ဘာတာကို၊ ဆယ်ဖြာလက်မိုး၊ ရှိစုံဖြိုး၍၊ မြတ်နိုးရိုသေ၊ လျှေက်ဆက်ပေအံ့၊ ပရမေသကျ၊ ဂေါတမ၏့။ ထွန်းသာသနာ၊ ပျော်ပိုက်ပါလော့၊ ရွှေဒါလီစစ်၊ လည်မှာရစ်၍၊ချစ်စချင့်ဘွယ်၊ နုနုနယ်သည်၊ လုံမယ်ကလေး၊ လှကွေးကွေးနှင့်၊ ပိုက်ထွေးတူစုံ၊ ပျော်ချင်တုံဟု၊ အာရုံတမ်းကာ၊ အလွမ်းပါနှင့်၊ ခန္ဓာအမျိုး၊ ပုပ်သိုးနံညှီ၊ တရားမှီလော့၊ လောကီချမ်းသာ၊ လူတို့ရွာတွင်၊ ကိုယ်မှာပင်ယား၊ မဖျောက်အားခဲ့၊ နောင်အားခါမှ၊ ဖျောက်ရမည်ဘက်၊ ယားသည့်ကွက်ကို၊ မှတ်ချက်နှင့်သာ၊ ထားရပါရှင့်၊ ထွေရာလေးပါး၊ လူစိတ်ပါးသော်။ ။မအားချင်အောင်များလိမ့်မည်။ စန္ဒခြည်ဝါ၊ လရောင်ဖြာသို့၊ သာသနာထွန်းပ၊ ကြုံခဲလှ၏့၊ တွေးဆရှေ့နောက်၊ ဥာဏ်ဖြင့်ထောက်၍၊ လက်ကောက်ရွှေကွင်း၊ ငွေခြေချင်းနှင့်၊ ဟိုသင်းတို့ဆီ၊ နောင်မသီနှင့်၊ အင်္ကျီ ကိုပစ်၊ ကျစ်စုံကိုပယ်၊ ခုမဖွယ်ဘူး၊ ပစ်ပယ်ဦးလော့၊ ပျိုလူးသက်ရွယ်၊ ငယ်လည်းငယ်၏၊ ခုနှယ်ချိန်က၊ အိမ်ထောက်ကျမူ၊ နှစ်ခွမအား၊ ထွန်တွင်နွားသို့၊ မယားပျောင်းနွဲ့၊ မာယာဖွဲ့လိမ့်၊ ဟဲ့မတ်တတ်ဆွေး၊ ဘေးကြီးသင့်သား၊ လူ့အပါးမှာ၊ မမှိုင်လာနှင့်၊ သွားပါတော့လေ၊ ငွေရှာချေလော့၊ သားတွေတရိုင်၊ မမွေးနိုင်ဘူး၊ သားဦး-သားနု၊ ပုလုကွေးလေး၊ မမြင်သေးလာ့း၊ ဆိုလကမူ၊ လောဘနိုင်ငံ၊ မောင်မင်းကြံလည်း၊ လိုက်လံကြံစား၊ ငွေရှာသွားသော်။ ။ မယားလင်မြှောင်ထားလိမ့်မည်။ ဂန္ဓရည်မာ၊ ထုံသင်းပါသည်၊ နံ့သာလောင်းမြှောက်၊ပန်းပေါင်းလှောက်လည်း၊ လေအောက်သို့သာ၊ မွှေးနိုင်ပါ၏့၊ လေညာကြိုင်ကြိုင်၊ မမွှေးနိုင်ဘူး၊ သုံးခိုင်ချမ်းသာ၊ ရကြောင်းရှာမူ၊ သာသနာမော်၊ တောင်ထိပ်ပေါ်က၊ မပျော်ဆင်းမည်၊ မကြံစည်နှင့်၊ စိတ်လည်သောဟန်၊ လိုလွန့်လွန်မူ၊ ဈာန်ပျံရှင်မှ၊ မြေသို့ကျလိမ့်၊ ဒုက္ခဖွဲ့ထွေ၊ ဆိုဘူးချေ၏့၊ ကေသာညိုရောင်၊ ပိတုန်းတောင်သို့၊ မျက်တောင်ကြော့ကွေး၊ မင်ရေးမျက်လုံး၊ အံ့မဆုံးသည်၊မပြုံးတပြုံး၊ ရွှေရင်ဖုံးလျက်၊ ဆဲ့သုံးလေးနှစ်၊ ကညာစစ်ကို၊ ချစ်စိတ်ဝေးလံ၊ ပစ်ပယ်ကြံ၍၊ ဆံကိုခုရိတ်၊ ကြိုးချိတ်အင်္ကျီ၊ ညီကိုပေးဘိ၊ ရှိပုဆိုးများ၊ ရောင်းစားလေလေ၊ ဖျက်ဆီးချေလော့၊ စာပေကျမ်းဂန်၊ တတ်ပွန်ပညာ၊ လိမ္မာသိကြား၊ သူတော်ငြားသော်၊ တရားထင်အောင်ပွားလိမ့်မည်။ ။ ကျည်းကန်ရှင်ကြီး (၁၇၅၇-၁၈၀၇) မြကန်သာ ကဗျာစာအုပ်မှ |
Comments
Post a Comment