“စာပေသီအိုရီ ဘာလဲ”။
ဒါပြောဖို့လိုတယ်။ အရေးလည်းကြီးတယ်။ ပုစ္ဆာဆိုတာ တကယ်တော့ သီအိုရီရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေတယ်။ ပညာရပ်ဆိုင်ရာအသုံးကို ခြုံကြည့်ရင် သီအိုရီ နှစ်မျိုးနှစ်စားသာ ရှိပါတယ် လို့ ဂျော်နသန်ကူးလားက သူ့စာအုပ် (Literary Theory, 2011) မူမှာတော့ ပညာရပ်ဆိုင်ရာ “term” အနေနဲ့ ကျွန်တော်တို့
၁။ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာသုံးတဲ့ သီအိုရီ (အချိုး(ဝါ)အပိုင်းကိန်းများ၏အစုကဲ့သို့)
၂။ အရပ်ပြောသီအိုရီ (most ordinary use of the world theory)
တို့ ဖြစ်ကြသည်။
“ဘာကြောင့်လော်ရာနဲ့မိုက်ကယ်ကွဲသွားလဲ? ငါ့သီအိုရီကတော့ . . .” လူတွေအဲဒီလိုပြောလေ့ရှိတယ်။ကောင်းပြီ။ ပညာရပ်နယ်ပယ်မှာ သီအိုရီကို ဘယ်လိုသုံးကြသလဲ။ ဒါကို သေချာကွဲပြားအောင် သိရမယ်။ သီအိုရီဟာ ခန့်မှန်းခြင်း “guess” မဟုတ်။ ဆိုလိုသည်မှာ သီအိုရီသည် တွေးမြင်ယူဆချက်မဟုတ်ပေ။ သို့ပါလျှင် ယခု ကျွန်တော်တို့ပြောဆိုမည့် သီအိုရီသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ သီအိုရီသည် ခန့်မှန်းခြင်း (guess) နှင့် ကွဲပြားရသောအကြောင်းမှာ “guess” သည် ကုပ်တွေးမိတာက . . . လော်ရာဟာ မိုက်ကယ်မွှေတဲ့အတွက်ကြောင့် အတော်ပင်ပန်းနေပြီ၊ ဒါပေမယ့် သူတို့မိတ်ဆွေ မေရီ ဒီကိုလာမှပဲ ငါတို့သေချာသိရမယ်။ ဒါက ခန့်မှန်းခြေ “guess” ကိုခေါ်တာ (ဝါ) သုံးပြတာပါ။ အထက်ပါကိစ္စတွင် guess နေရာ၌ သီအိုရီ (Theory) ဟူသော ဝေါဟာရသာ အစားထိုးမည် ဆိုကြပါစို့။ သူတို့မိတ်ဆွေ မေရီလာမှပဲ ငါတို့သေချာသိရမယ် . . . လို့ ရေးထားတဲ့ဝါကျ ပါဝင်တော့မှာ မဟုတ်ဘူး။ သီအိုရီဆိုတာက သေချာဖို့ တစ်စုံတစ်ယောက်ကို ထပ်စောင့်စရာမလိုဘူး။ ဘယ်သူမှား/မှန် ဆိုတာရှင်းရအောင်လည်း လွယ်တာမျိုးမဟုတ်တာလည်း ဖြစ်တယ်။ ကျုပ်တွေးမိတာက . . . ဆိုတဲ့ဝါကျဟာ မထင်မရှားဖြစ်နေတာကို ရှင်းပြခွင့်တောင်းတာပါပဲ။ အပေါ်က အကြောင်း ထပ်ပြောရရင် အဲဒီမှာ “my guess is that” ဆိုတာကြီး ပါလာသည်။ အဖြေမပါလာသေး။ လော်ရာဟာ မိုက်ကယ့်အခက်အခဲမှာ မောပန်းခဲ့တာ ခုလေးတင်။ သူတို့မိတ်ဆွေ မေရီရောက်လာလျှင်တော့ အဖြေတွေ့သွားမှာပါလို့ ဆိုတယ်။ သီအိုရီဆိုတာ “speculation” စိတ်မှန်းဖြစ်ပြီး မေရီရောက်လာတဲ့အခါ ပြောတဲ့စကားနဲ့ ဆက်နွယ်ချင်မှ ဆက်နွယ်မည်။ သရုပ်ပြဖို့ ခက်ခဲနေတဲ့ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် မသိတဲ့အခြေအနေမှာ သီအိုရီဆိုတာ မှန်ခြင်း၊ မှားခြင်းကို ရှင်းပြပေးနိုင်တဲ့အရာပါ။ ဒီနေရာမှာ speculation ဆိုတာ စိတ်မှန်း(ဝါ) ညှိနှိုင်းပေးခြင်းကို ဆိုလိုပါတယ်။ အဲဒီလိုပဲ မပြည့်စုံတဲ့ အနေအထားတစ်ခုမှာ အခြေခံတွေကို အားပြုပြီး ကောက်ချက်ချပေးလိုက်တဲ့ (conjecture) မဟုတ်ပါဘူး။ ငါ့သီအိုရီကတော့ ဒါဘာကြောင့်ဖြစ်သလဲဆိုရင် မိုက်ကယ်ဟာ ဆမန်သာနဲ့ ချစ်နေကြလို့ . . လို့ တစ်ယောက်ကပြောရင် အဲဒါကို သီအိုရီလို့ ယူဆလို့မရပါဘူး။ ဒီတော့ သူတို့နှစ်ယောက် ပြဿနာတက်တာဟာ ဆမန်သာကြောင့်လို့ သေချာခိုင်မာအောင် ကောက်ချက်ချဖို့ဆိုရင် လော်ရာ မိုက်ကယ့်အပေါ်မှာ သဝန်တိုတတ်တဲ့စိတ် ရှိသလားဆိုတာပါ ဆန်းစစ်ရပါမယ်။ အဲဒီအချက်ပါမှ ပြဿနာတက်တာ ဆမန်သာကြောင့်ရယ်လို့ ပြောနိုင်မှာဖြစ်တယ်။ ထိုအရာသည် သီအိုရီမဟုတ်ပေ။ ဒါဟာ အဖြေတစ်ခုရဖို့ ကောက်ကာငင်ကာရဖို့ ညှိပေးလိုက်တဲ့ စိတ်မှန်းသာဖြစ်တယ်။ သာမန်ကိစ္စကို ဝင်ထည့်ပေးလိုက်ခြင်းဖြင့် ချစ်သူနှစ်ဦး ပြဿနာဟာ မပြည့်စုံတဲ့ အချက်ကို ဖြည့်ပြီး ကောက်ချက်ချတဲ့ “conjecture” ဖြစ်သွားပါတယ်။ မိုက်ကယ်ဟာ ဆမန်သာကို ရှုပ်တယ်ထား၊ လော်ရာခွင့်လွှတ်တာနဲ့ ပြဿနာမဖြစ်နိုင်တော့ပါဘူး။ အခြားတစ်ဖက်မှာ ဘယ်လိုမှန်းမသေချာတဲ့ လော်ရာ့စိတ်ကို အသေတွက်ပြီး အဖြေထုတ်တာ သီအိုရီမဟုတ်ပါဘူး။ ဆိုလိုတာက အဖြေဟာ မသေချာတဲ့အခြေအနေကကို မမှီတည်ရဘူး။ သီအိုရီလိုဟာမျိုးကျတော့ အဖြေဟာ ရှင်းရှင်းကြီး ကျလာချင်မှ ကျလာမယ်။ ဒါပေမယ့် သေချာတဲ့ အချက်တွေကို အခြေခံတည်ဆောက်ထားလေ့ရှိတယ်။ ဥပမာ ဆိုကြပါစို့ရဲ့။ လော်ရာဟာ အမျိုးသားတစ်ယောက်ကို တိတ်တခိုးစွဲလမ်းနေတဲ့အတွက် မိုက်ကယ်ဟာ သူမအတွက် ဘယ်တော့မှ အဆင်မပြေဘူး။ ဒီနေရာမှာ ရှေ့ကပြောခဲ့သလို လော်ရာသဘောထားကြီးတာနဲ့ မဆိုင်တော့ဘဲ သူမဟာ လူတစ်ယောက်ကို သိပ်စွဲနေလို့ မိုက်ကယ်ဆေးမတိုးတော့ဘူး ဆိုတဲ့ သေချာတဲ့အချက်တွေကို တည်ဆောက်ထည့်သွင်းစဉ်းစားထားတယ်။ လော်ရာက ဟိုတစ်ယောက်ကို တိတ်တခိုးစွဲတာ သေချာရင် မိုက်ကယ်နဲ့ပြဿနာတက်ကိုတက်မှာ။ ဒါမျိုးကို သီအိုရီလို့ ခေါ်ပါတယ်။ ကောင်းပြီ။ ကျွန်တော်တို့ ပြန်ချုံ့ရအောင်။ သီအိုရီဆိုတာ
(၁) ဟိုက်ပိုးသီးဆစ် ထက်ပိုတယ် (Must be more than hypothesis)
(၂) ထင်းထင်းကြီးချမပေးဘူး (Cannot be obivious)
(၃) စနစ်တကျတည်ဆောက်ထားတဲ့ အချက်တစ်ခုကြားနေရာရဲ့ ရောထွေးယှက်တင် ဆက်နွယ်မှုတွေ ပါဝင်တယ်။ (Involves complex relations of a systematic kind among a number of facts)
(၄) အလွယ်တကူ အတည်ပြုမရ၊ သက်သေပြလို့ မရတာတွေ ပါဝင်တယ်။ (Not easily confirmed or disproved)
စာပေသီအိုရီဆိုတာအတိုချုပ်ပြောရရင်ထင်ရာမြင်ရာခွင်ဆင်ပြောနေတာမဟုတ်ဘူးလို့ဆိုချင်တာပါပဲ။
(Culler ရဲ့စာပေသီအိုရီမိတ်ဆက် (Literary Theory, 2011) ကိုကိုးကားပါတယ်။)
ကဗျာသီအိုရီနဲ့လူသားဆန်မှု (၁)
အင်္ဂလိပ်နဲ့အမေရိကန်စာပေသီအိုရီကို လေ့လာမယ်ဆိုရင် ပထမဦးဆုံး ကြုံတွေ့ရမယ့် ပြဿနာကတော့ ဘယ်ကစပြီး လေ့လာရမလဲဆိုတာပါပဲ။ ဒီတော့ (starting point)ကို ရွေးချယ်ဖို့ လိုလာပါတယ်။ ဟန်ဘာတန်(စ်) (Hans Bertens) အကြံပေးတာကတော့ ဆယ့်ကိုးရာစုကဗျာဆရာ မက်သျှူးအာနိုး(လ်) (Matthew Arnold) ဆီက စတင်ပါလို့ သူကဆိုပါတယ်။ (မက်သျှူးရဲ့ “ဒိုဗာဆိပ်ကမ်း” ဟာ ကဗျာသီအိုရီလေ့လာသူတွေချန်ထားလို့ မရတဲ့ ကဗျာပါပဲ။) သူဟာ အောက်စဖို့(ဒ်)တက္ကသိုလ်ကြီးရဲ့ ကဗျာပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ စာပေအပေါ် ထင်မြင်ယူဆချက်တွေကို စာသင်ခန်းထဲပို့ချရာမှာ ကဗျာစာပေသီအိုရီ အခန်းကဏ္ဍအရေးပါလာအောင် အလုပ်အကျွေးပြုခဲ့သူရယ်လို့ မှတ်တမ်းတင်ခဲ့ကြတယ်။
ဒီတော့ စာပေသီအိုရီဆိုတာ အဲဒီအချိန်တုန်းက အမေရိကန်သမ္မတမဖြစ်သေးတဲ့ သောမတ်(စ်)ဂျက်ဖာဆန် စကားအတိုင်းပဲ ကျွန်တော်တို့ကလေးတွေဟာ ခြောက်သွေ့လှတဲ့ စာကြီးပေကြီးတွေကို၊ သီအိုရီတွေကို “လီယာဘုရင်” ဇတ်ဖတ်ဖို့ထက် ပိုစိတ်ထက်သန်ကြတာ အဲဒီ မက်သျှူးအာနိုး(လ်) ဆိုတဲ့ ပါမောက္ခကြီးကြောင့်ပါတဲ့။ ဒီတော့ အာနိုးကြီးဘက်ပြန်ဆက်ရရင် သူဟာ အနည်းငယ် ပုန်ကန်စိတ်ရှိသူ စာသင်ဆရာတစ်ဦးရယ်ပါ။ သူက စာပေသီအိုရီဆိုတာဟာ လမ်းညွှန်ချက်လို့ လက်ခံတာမဟုတ်ဘူး။ ဒါကို ဘာတန်က အာနိုး(လ်)ဟာ လက်တွေ့စာပေဝေဖန်ရေး သီအိုရီဆိုတာကို လမ်းညွှန်အရင်းအမြစ်တစ်ခု (a source of instruction) ရယ်လို့ လက်ခံတာမဟုတ်ဘဲ “စိတ်ဝိဥာဉ်နောက်ခံစာသားတွေနဲ့ ဘယ်လိုမှတ်တမ်းပြုစုတယ်” ဆိုတဲ့ စာတွေရယ်လို့ မြင်ပါတယ်တဲ့။ အဲဒီအတွက်ကြောင့် လူ့သမိုင်းတလျှောက်မှာ စာပေသီအိုရီအပေါ်အမြင်ဟာ တစ်မျိုးတစ်ဘာသာ ပြောင်းလဲအစပြုခဲ့တယ်။ (ဆိုလိုတာက စာပေသီအိုရီဟာ လူ့အတွေးအခေါ်နဲ့ ချိတ်ဆက်ခဲ့တယ်။)
ကဗျာသီအိုရီနှင့်လူသားဆန်မှု (၂)
တစ်ဆယ့်ကိုးရာစု ဒုတိယနှစ်ငါးဆယ်ထဲက အရေးအသားကို ဆရာကြီးအာနိုးလ်(ဒ)မြင်ခဲ့တာက အင်္ဂလိပ်ယဉ်ကျေးမှုခြိမ်းခြောက်ခြင်း ခံခဲ့ရတယ် ဆိုတာပါပဲ။ ဘာလိုသောအကြောင်းအရာများက ခြိမ်းခြောက်သလဲဆိုရင်ဖြင့် .....
(၁) ဘာသာတရားကြီးစိုးတဲ့ အလေ့ဟာ သူ့ရဲ့ဇစ်မြစ်တစ်ခုဖြစ်တဲ့ သိပ္ပံအတွေးဖွံ့ဖြိုးသော အာဏာကြီးထွားတဲ့ ဖြစ်စဉ်ဖြစ်ပေါ်လာမှု
(၂) အတ္တဝါဒီ (ဝါ) လူပုဂ္ဂိုလ်အရေးပါမှု၊ ငွေကြေးရှေ့တန်းတင်လာမှုနဲ့ လူလတ်တန်းစားကြီးထွားလာမှုကြောင့် လျော့ရဲသွားတဲ့ ဝမ်းတွင်းအခံအနုပညာ ဖန်တီးမှု
တွေနဲ့ အင်္ဂလိပ်တွေရဲ့ရိုးရာဟာ ခြိမ်းခြောက်ခံခဲ့ရတယ်။ နာမ်အားကိုးတဲ့ ဘာသာရေးဟာလည်း သိပ္ပံပညာဟာ ဘယ်လိုကြီးလဲ ဆိုပြီး စူးစမ်းလေ့လာနေတုန်းပါပဲ။ ဒါဝင် သီအိုရီ (Darwin’s theory of evolution) ကို ဘုရားကျောင်းအာဏာ (the authority of Bible and Church) က အတည်မပြုသေးဘူး။ ဒီတော့ ဆရာကြီး အာနိုး(လ်)ဟာ ခေတ်ရှေ့ပြေးတဲ့ အောက်ပါစကားကို ပြောတော့တာပါပဲ။ သူက ဘာပြောသလဲဆိုတော့
“ကဗျာဆိုတာ ကျွန်တော်တို့ဘဝအတွက် အဓိပ္ပါယ်ဖွင့်ဖို့၊ နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ကို ပေးဖို့ မဖြစ်မနေ ပြန်လုပ်ရမယ်ဆိုတာ ကိုပိုလျှံခြင်းများတဲ့ လူသားဆန်မှုက ရှာဖွေတွေ့ရှိပါလိမ့်မယ်။ ကဗျာသာမရှိရင် ကျွန်တော်တို့ သိပ္ပံပညာဟာ ပြည့်ပြည့်စုံစုံ ပေါ်ထွက်မလာပဲ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ဘာသာတရားနဲ့ ဒဿနိကဗေဒနေရာ အားလုံးနီးပါးကို ကဗျာက ဝင်ရောက်နေရာယူသွားမယ်” လို့ ဆိုခဲ့တယ်။
ဆရာကြီးမက်သျှူးအာနိုးရဲ့တွေးပုံကတော့ ဂရိသမိုင်းထဲက လာတာပါ။ (အဲဒီလို ဂရိအမျိုးသားရေးရာဇတ်ကောင် ဇတ်လမ်းတွေကို “Hellenism” လို့ ခေါ်ပါတယ်။) အဲဒီဂရိသမိုင်းဆိုတာက လည်းဂရိဓလေ့ရိုးရာတွေက လူသူတော်ကောင်းတယောက်ရှိသင့်တဲ့စိတ်နေစိတ်ထားအချက်သုံးချက်နဲ့ ဂရိသမိုင်းကို ပံ့ပိုးပေးခဲ့တယ်။အဲဒါတွေက အလွယ်တကူခံယူခြင်း ၊ ကြည်လင်ခြင်း နဲ့ ထွန်းပေါက်ရောင်ဖြာထွက်ခြင်း တို့ ဆိုပေမယ့် တကယ်တန်း အဲဒီဂရိသမိုင်းကို ဘာသာပြန်ပုံဖော်လို့ရတာကတော့ လူ့ဘဝထဲ အဓိကဘယ်လိုစိတ်ထားရမယ်ဆိုတဲ့ အဆုံးအမနှစ်မျိုးဖြစ်တဲ့
၁) ဘဝတက်လှမ်းနိုင်စေဖို့ ထားရမယ့် စိတ်နေစိတ်ထား
(an attitude toward life)
(၂) ကမ္ဘာကြီးပေါ်ကလူသာဖြစ်တည်မှုနည်းလမ်း တစ်ခု(a way of being in the world)
တို့ပဲဖြစ်တယ်။
အဲဒီနှစ်ချက်နဲ့ ချိန်ဆပြီး ဂရိရိုးရာကို ခြေရာခံတော့ အောက်ပါအချက်တွေ ဆင့်ပွားတွေ့ပြန်တယ်။ အဲဒါတွေကတော့ အထက်က အချက်(၂)ချက်ထဲက စိတ်နေစိတ်ထား (attitude) ကို သရုပ်ခွဲလိုက်ရင် ရှေးဂရိကြီးတွေ သတ်မှတ်တဲ့ လူသူတော်ကောင်းစိတ်နေသဘောထားဆိုတာ
(၁) အရူးအမူးစိတ်က လွတ်မြောက်ခြင်း
(၂) ဥာဏ်ဖြင့်သိမှုကို အာရုံစိုက်ခြင်း
(၃) သိစိတ်အား လှည့်ဖျားကစားလိုစိတ်မရှိခြင်း
(၄) အတွင်းစိတ် လှုပ်ရှားမှုအနေနဲ့ (ပို၍ချိုသာစွာနေထိုင်၊ ပို၍ရှင်းလင်းစွာ နေထိုင်ဖို့နဲ့ ပို၍ ကိုယ်ချင်းစာတရား ထားဖို့တွေပါပဲ။
အထက်ပါ ဂရိရိုးရာဘဝနေနည်း စိတ်ထားကို အာနိုး(လ်)တွေ့တဲ့အခါ စဉ်းစားမိတာက ကဗျာကိစ္စသာလျှင် အထက်ပါအချက်တွေကို တစ်ပြိုင်တည်း ပြုလုပ်နိုင်တာကို သတိထားမိတယ်။ ဒီတော့ လူ့ဘဝကို ဘာသာပြန်အနက်ဖွင့်တဲ့ ကိစ္စတွေမှာ မူလက ဒဿနနဲ့ သင်္ချာပညာရှင်တွေသာ ဘာသာပြန်တွေးလုံးထုတ်ပေမယ့် အခုတော့ မက်သျှူးအာနိုး(လ်)လက်ထက်ကစပြီး ကဗျာဆရာတွေ ပါလာပြီ။ ဒီတော့ အာနိုး(လ်)လက်ထက်မှာ ကဗျာကို “ကျွန်ုပ်တို့ဘဝအတွက် အဓိပ္ပါယ်လို့ ဖွင့်ဆိုအနက်ပြန်ဖို့ (to interpret life for us) ဆိုပြီး ဖြစ်လာတယ်။ ကဗျာမှာ ပါဝါရှိတယ်လို့ ပြောနိုင်မလား။ ပြောနိုင်ပါတယ်။ ကဗျာဟာ လူ့ဘဝကို ပိုပြီးနက်ရှိုင်း(ဝါ) လေးနက်စွာ စုံစမ်းလေ့လာရေးလုပ်ပြီး အတ္တအကျိုး ရှေးရှုရာမှာ အခြားအရာတွေထက် နည်းပါးတယ်။ (“poetry probes life more deeply and is less-self-serving than anything else and so we must turn to poetry to interpret for us”) လို့ ဆိုခဲ့ပါတယ်။ နောက်ပြီး ကဗျာဆီကို နှစ်သိမ့်အားပေးလိုမှုကို ရှာတဲ့အခါနဲ့ စိတ်အာဟာရကို ရှာဖွေတဲ့အခါ ပြန်လှည့်နိုင်သေးတယ်။ ကုစားနိုင်ပါသေးတယ်။ ဒီတော့ ဘဝကို ကဗျာနဲ့လာထပ်တာ မမှားဘူး။ အဓိပ္ပါယ်ရှိတယ်။ နောက်ပြီး ကဗျာအလှဟာ ဘဝမှာ စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာကို တမူထူးခြားစွာ ပြုလုပ်နိုင်စွမ်းရှိပြီး အဲဒီတစ်စုံတစ်ရာဆိုတာက ကျွန်တော်တို့ရဲ့ အဆင်ပြေမှုနဲ့ ခွန်အားဆီက ထွက်ကျလာတာပါပဲ။ ရိုးရာအစဉ်အလာယဉ်ကျေးမှုဆိုတာ ကျွန်တော်တို့ ပိုပြည့်စုံပြီး ကောင်းမွန်တဲ့ လူသားတွေ အဖြစ်ကြီးထွားခွင့်ပေးတယ်လို့ အာနိုး(လ်)က ဆိုတယ်။ ဒါကြောင့်ပဲ အာနိုး(လ်)ဟာ သူ့အက်ဆေး (Culture and Anarchy) မှာ အောက်ပါအတိုင်းပဲ ပြောခဲ့တယ်။
(ဆက်ရန်)
ဇော်ဇော်ထွန်း

Comments
Post a Comment