အာတီပိုဗီရာ (Arte Povera) အနုပညာလှုပ်ရှားမှု/အုပ်စု

၁။

အီတလီဘာသာစကားနဲ့မူလစကားလုံးအဓိပ္ပါယ်က “Poor Art” (မကြွယ်ဝသေး/ဆင်းရဲတဲ့အနုပညာ) လို့ အဓိပ္ပါယ်ရပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များနဲ့ ၁၉၇၀ နှစ်များ အစောပိုင်းကာလတွေမှာ ဥရောပက အီတလီမြို့ကြီးများဖြစ်တဲ့ တူရင်မြို့၊ မီလန်၊ ရောမ၊ ဂျီနိုအာ၊ ဗင်းနစ်၊ နေပယ်(လ်)၊ ဘိုလော့(ဂ်)နစ် မြို့များတလွှားမှာ ခေတ်စားခဲ့တဲ့ အနုပညာအမျိုးအစားဖြစ်တယ်။ ဒီအနုပညာအမျိုးအစားဟာ အောက်ပါအနုပညာအမျိုးအစားတွေကို ရောနှောထားတဲ့ အနုပညာတစ်ခုလို့ သီအိုရီဆရာတွေက ဆိုကြပါတယ်။
- ပါဖောမန့်အနုပညာ (Performance Art)
- ကွန်ဆက်(ပ်)ချူရယ်အနုပညာ (Conceptual Art)
- အသေးဆုံးဝါဒအနုပညာရှင် (Minimalist)
တွေကို ရောနှောထားတဲ့ အာတီပိုဗီရာ အနုပညာဟာ အထူးတလည်ပြုလုပ်ထားခြင်းမရှိတဲ့ ယေဘုယျပစ္စည်း (worthless or common materials) လေးတွေနဲ့ ပြကွက်ကို တည်ဆောက်ပါတယ်။ ဥပမာ ကျောက်တုံးလေးတွေ၊ သတင်းစာစက္ကူတွေနဲ့ ပြကွက်တွေကို ဖန်တီးကြပါတယ်။ သူ့ရဲ့အီတလီဘာသာစကား အဓိပ္ပါယ်က “Poor Art” (ချမ်းသာကြွယ်ဝမှုမရှိတဲ့အနုပညာ) လို့ တိုက်ရိုက်ပြန်ဆိုလို့ မရပါဘူး။ ဒီနေရာမှာ သူပြောချင်တဲ့ “poor” ဆိုတာက သူတို့ပြကွက်ထဲ အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေဟာ ရိုးရာအတိုင်း ဆီဆေး၊ ကင်းဘတ်စ နဲ့ ထွင်းထုထားတဲ့ ကျောက်တုံးတွေမဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့ ကျယ်ပြန့်တဲ့ဘောင် (စည်းကမ်း)ထဲက ပတ်ဝန်းကျင်ရှိ လူအများသုံးတဲ့ ပစ္စည်းတွေကိုသာ အနုပညာပါဝင်ပစည်းအဖြစ် အသုံးပြုလို့ ဒီ “Poor” ဆိုတဲ့ စကားလုံးကို ရွေးချယ်ခဲ့တယ်လို့ ခေါ်ဆိုတာပါ။ အများဆုံးအသုံးပြုတာက စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ မြေဆွေး၊ အဝတ်စုတ်အစလေးတွေ၊ သစ်ကိုင်းကလေးတွေ ကို အခြေပြုတည်ဆောက်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့အနုပညာကို poor (အဖိုးနည်း) ရယ်လို့ ခေါင်းစဉ်ပေးခဲ့ကြတယ်။

အာတီပိုဗီရာ (Arte Povera) အနုပညာလှုပ်ရှားမှု/အုပ်စု ၂။

တကယ်တော့ ဒီနာမည်ကို အစပြုပေးသူဟာ အီတလီပန်းချီဝေဖန်ရေးဆရာ ဂျာမန်နိုစီးလန့်(ထ်)ပါ။ သူက ၁၉၆၀ ခုနှစ်တွေမှာ အခုလို အနုပညာပြကွက်တွေ လှုပ်ရှားနေချိန်က ဒီနာမည်ကို ပေးခဲ့တာပါ။ ၁၉၆၀ ခုနှစ်တွေမှာ အနုပညာရှင်တိုင်းလိုလို သူ့နည်းသူ့ဟန်နဲ့ ရယ်ဒီကယ်စတန့်(စ်) (Radical Stants) (ဝါ) တော်လှန်တဲ့ အနုပညာတွေကို အရှိန်မြှင့်လုပ်ဆောင်ချိန်တွေပေါ့။ စီးလန့်(ထ်)စုစည်းတင်ဆက်တဲ့ အနုပညာပြပွဲကို သူက အတွေးရဲ့နေရာ (Im Spazio) ရယ်လို့ အမည်ပေးခဲ့တယ်။ ဂျီနိုအာ မှာ ကျင်းပတဲ့ ဒီပြပွဲဟာ ၁၉၆၇ ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလ တစ်လျှောက် ပြုလုပ်ပြသခဲ့ပါတယ်။ ဒါဟာ ဒီအနုပညာ အာတီပိုဗီရာ ကို တရားဝင် အစပြုပေးလိုက်တဲ့ ပြပွဲလို့ ဆိုလို့ရပါတယ်။ ၁၉၆၇ နဲ့ ၁၉၆၈ မှာ ကျင်းပခဲ့တဲ့ ပြပွဲနှစ်ပွဲနဲ့ “Electa” ဆိုတဲ့ စာအုပ်ဟာ ဒီအနုပညာကို ကြီးကျယ်စေခဲ့တယ်။ အဲဒီစာအုပ်မှာတော့ အာတီပိုဗီရာ အနုပညာနဲ့ပတ်သက်ပြီး အစပြုပုံ၊ ရိုးရာမှကွဲထွက်သွားပုံ၊ အခြေခံကျောရိုးကိုယ်ထည်စွမ်းအား၊ ဈေးကွက်နေရာ စသည်တို့ကို ပြည့်စုံအောင် ဖော်ပြပေးခဲ့တယ်။ ရိုးရာအနုပညာကို တော်လှန်တဲ့ တော်လှန်ရေးအမှတ်အသားတွေကိုလည်း ထည့်သွင်း ဖော်ပြပေးခဲ့တယ်။ အဲဒီလှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေဟာ ရိုးရာအနုပညာရဲ့ ကြီးမြတ်မှုအရာမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်ကြပါတယ်။ ခေါင်းကိုင်အဖဖြစ်တဲ့ စီးလန့်(တ်)ဟာ ဒီအနုပညာကို ကမ္ဘာအနှံ့ပြန့်တဲ့ လှုပ်ရှားမှုဖြစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အမာခံ အနုပညာရှင်တွေကတော့ အီတာလျံတွေ များပါတယ်။ အောက်ပါပုဂ္ဂိုလ်တွေဟာ အာတီပိုဗီရာပုံရိပ်တွေအဖြစ် ထင်ရှားခဲ့ပါတယ်။ - ဂျီအိုဗန်နီ အန်ဆယ်(လ်)မို (Giovanni Anselmo)
- ပီယာပေါ်လိုကာ(လ်)ဇိုလာရီ (Pier Paola Calzolari)
- လူစီယာနိုဖာဘရို (Luciano Fabro)
- ဂျန်းနစ်(စ်)ကူနေး(စ်) (Jannis Kounellis)
- မာရီယိုမား(ဇ်) (Mario Merz)
- မာဆီယာမာ(ဇ်) (Marsia Merz)
- ဂယ်လီယို ပါအိုလီနီ (Giulio Paolini)
- ပင်နိုပါကာလီ (Pino Pascali) အစရှိသူတို့ဖြစ်ကြပါတယ်။ သူတို့တွေဟာ များသောအားဖြင့် ကောက်ရ (အနီးအနားသာမန်ပစ္စည်း) အရာဝတ္ထု (found object) တွေနဲ့ ပြသကြပါတယ်။

အာတီပိုဗီရာ (Arte Povera) အနုပညာလှုပ်ရှားမှု/အုပ်စု ၃။

လားရာနှင့်စရိုက်လက္ခဏာ
- သာမန်အရာဝတ္ထုများနှင့် သတင်းအချက်အလက်ပေးပို့မှုဆီသို့ ပြန်လှည့်ရန်
- ခန္ဓာကိုယ်နှင့် အပြုအမူသည် အနုပညာဖြစ်သည်
- နေ့တိုင်းသည် အဓိပ္ပါယ်ရှိသော နေ့များဖြစ်လာသည်
- သဘာဝနှင့် စက်မှုဝန်းကျင်များ၏ လမ်းကြောင်းများ ပေါ်ပေါက်လာသည်။
- အလုပ်ထဲတွင် ပြင်းထန်ပေါက်ကွဲမှုနှင့် စွမ်းအင်သည် ရုပ်လုံးပေါ်လာသည်။
- သဘာဝတရားသည် သူ၏ ရုပ်နှင့်ဓါတုပြောင်းလဲမှုကို မှတ်တမ်းတင်၍ရသည်။
- နေရာနှင့်ဘာသာစကား၏ အိုင်ဒီယာကို လေ့လာပါ။
- ရောထွေးနေသောနှင့်သင်္ကေတပြသော အမှတ်အသားများသည် အဓိပ္ပါယ်အား လျော့ကျစေသည်
- အခြေခံများ (ground zero)၊ ရိုးရာမရှိ (no culture)၊ စနစ်ကျသောအနုပညာမရှိ (no art system)
- ဘဝသည် အနုပညာ (Art=Life)ပင် ဖြစ်သည်။

“Kounellis” ဟာ အရှိတရား (ဝါ) သဘာဝနဲ့အထူးပြုလုပ်ဖန်တီးမှုကို တံတားထိုးပေးချင်တဲ့ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် အရှိတရား အထူးပြုလုပ်ချက် သက်ရောက်မှု (effect) ဟာ အနုပညာကို ရှုမြင်ရာမှာ ဒုတိယနေရာ (secondary) က ရှုမြင်သူကို ပံ့ပိုးပေးတာမဟုတ်ဘူး။ အမြဲတမ်းပထမ အရေးပါတဲ့နေရာ (Constitutive) က ပံ့ပိုးပေးတယ်လို့ဆိုတယ်။ အထူးဖန်တီးပြုလုပ်ထားတဲ့ စံပြအလှတရား (ဝါ) ဖန်တီးအနုပညာဆိုတာ လက်တွေ့လူသားတွေရဲ့ ဘဝထဲကို ဘယ်လိုမှ ပျော်ဝင်မသွားနိုင်။ သဘာဝအရှိတရားထဲကပဲ အနုပညာကို ရှာရမယ်။ အဲဒီအနုပညာအမြင်က လူသားတွေကို အတွေးတစ်စုံတရာအစပြုပေး (လှုပ်နှိုးပေး) ပြီးအဲဒီအတွေးကို လူသားက လက်တွေ့ဘဝထဲကို လာရောက် အသုံးချပုံဖော်ကြတယ် လို့ သူကယူဆတာကိုး။ ဒီတော့ သဘာဝတရားထဲက နီးစပ်ရာ သဘာဝနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းပစ္စယလေးတွေနဲ့ အနုပညာပြကွက်တွေကို တည်ဆောက်ကြတာပါပဲ။
အာတီပိုဗီရာ (Arte Povera) အနုပညာလှုပ်ရှားမှု/အုပ်စု ၄။

အဲဒီအတွေးအခေါ်ကို လက်တွေ့ပြသသူက ပီယာလိုဂေလာဒီ (Piero Gilardi) ပါပဲ။ သူက သုံးဖက်မြင် ကော်ဇောပေါ်မှာ သဘာဝပစ္စည်းတွေဖြစ်တဲ့ သစ်ရွက်၊ ကျောက်တုံးနဲ့ မြေဆွေးတွေကို စုပုံပြီး ပြကွက်ဆင်တယ်။ ပြီးတော့ သူ့မေးခွန်းက “အရှိတရားနဲ့အထူးပြုလုပ်ဖန်တီးချက်ရဲ့ကွဲပြားမှုဆိုတာဘာလဲ” ဆိုတဲ့ မေးခွန်းမျိုးပါ။ သူက အဲဒီသဘာဝသစ်ရွက်တွေ၊ ကျောက်တုံးတွေနဲ့ အလှဆင်မှုအနုပညာ (decoration)၊ ဒီဇိုင်းအနုပညာ (design)၊ ပန်းချီအမြင်အနုပညာတို့ ပေါင်းစပ်တည်ရှိနေပုံကိုလည်း မီးမောင်းထိုးပြခဲ့တယ်။ ခေတ်ပေါ် ဈေးကွက်ထဲကို အရှိတရားနဲ့ဖန်တီးမှုအလှတို့ ရောယှက်ဝင်ရောက်လာတယ်လို့ ဆိုတယ်။ အာတီပိုဗီရာအနုပညာကို ကုန်ကြမ်းအနုပညာ (Raw Material Art) လို့လည်း ခေါ်ဆိုကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနုပညာပြကွက်တွေဟာ ရှေ့ကဆိုခဲ့သလိုပါပဲ။ နီးစပ်ရာကုန်ပစ္စည်းလေးတွေကို ပြုပြင်ဖန်တီးခြင်းမရှိဘဲ ခင်းကျင်းပြသခဲ့ကြလို့ပါပဲ။ ပိုလန်ရုပ်ရှင်ဒါရိုက်တာ ဂျာဇေးဂရော (Jerzy Grotowski) ဆီက ဒီအမည်ကို ရတယ်လို့လည်း ဆိုကြပါတယ်။ အဖိုးနည်းအောင် (ဝါ) အရည်အသွေးကျအောင်လုပ်ထားသော အနုပညာ (impoverished art) လို့လည်း ဆိုကြပါတယ်။ ဒီအနုပညာဟာ ဥရောပနိုင်ငံတလွှား နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲ နဲ့ ၁၉၆၈ လမ်းပေါ်က ဆန္ဒပြပွဲတွေကြောင့် အနုပညာရှင်တွေဆီကို ဒီအတွေးအခေါ်မျိုးစိမ့်ဝင်လာတယ်လို့လည်း ပြောဆိုတာတွေ ရှိပါတယ်။ ဒီအနုပညာအမျိုးအစားကိုပဲ ပုံသဏ္ဍာန်ဆန့်ကျင်သော အနုပညာ (Anti-form) လို့ ခေါ်သလို (Actual Art) လို့လည်း ခေါ်ကြပါသေးတယ်။

အာတီပိုဗီရာ (Arte Povera) အနုပညာလှုပ်ရှားမှု/အုပ်စု ၅။

နေ့စဉ်လူသားတွေ အသုံးပြုနေတဲ့ ပစ္စည်းလေးတွေ (everyday materials) တွေကို ပါဖောမန့်(စ်)အနုပညာနဲ့ ရောနှောထားတဲ့ ဒီအနုပညာအမျိုးအစားဟာ “ဘဝနဲ့အလှ” ကြားက အတားအဆီးကို ချိုးဖောက်ပစ်ဖို့ ကြိုးစားတာပါပဲလို့ ပညာရှင်တွေက ဆိုပါတယ်။ ဆက်စပ်စုစည်းအနုပညာ (Assemblage Art) အမျိုးအစားကွဲတစ်ခုဖြစ်တဲ့ ဒီ အာတီပီဗိုရာ အနုပညာဟာ တန်ဖိုးနည်း နေ့စဉ်အများသုံးပစ္စည်းတွေဆီက အလှတရားကို ရှာဖွေရုံသီးသန့်မဟုတ်ဘဲ ဘယ်နေရာမှာ ဖြစ်ဖြစ် အနုပညာရှိတယ်ဆိုတဲ့ အမြင်ကို ပေးချင်တာပါ။ ကျွန်တော်တို့ဘာအတွက် အနုပညာကို ခံစားတယ်။ ဘယ်လိုအနုပညာရှင်တွေက ကြီးကျယ်မြင့်မြတ်တဲ့ အနုပညာကို ဖန်တီးကြသလဲ စသည်ဖြင့် အရင်က ရထားတဲ့ အနုပညာဆိုင်ရာအတွေးအခေါ်တွေကို ဆန်းစစ်ကြဖို့ အသိပေးခဲ့တဲ့ အနုပညာအမျိုးအစား တစ်ခုထက်ပိုတဲ့ အနုပညာပါ။ အတိုချုရင်တော့စုစည်းအနုပညာ Assemblage ဆိုတာတွေ့ရာအနီးအနားပစ္စည်းတွေကိုဆက်စပ်တင်ဆက်တယ်ဆိုရင်အခုပြောတဲ့ Arte Povera ဆိုတာကတော့စွန့်ပစ်ပစ္စည်းလိုအဖိုးမတန်တာတွေနဲ့တည်ဆောက်တယ်လို့မှတ်ယူရမယ်။

ဇော်ဇော်ထွန်း။

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~