ကဗျာရေးရာ ( ၆ )
''နီကိုရဲနဲ့ ထူးအိမ်သင်တို့ စကားလက်ဆုံ''
နီကိုရဲ ။ ။ ကိုအောင်ဝေးက ကဗျာကို သီချင်းလုပ်မယ်၊
ကဗျာကို ရုပ်ရှင်ရိုက်မယ်လို့ ပြောဖူးတယ်၊
ကိုငှက် ဘယ်လိုထင်လဲ။
ထူးအိမ်သင် ။ ။ ကဗျာကို သီချင်းလုပ်ဖို့က နီးစပ်တယ်ဗျ၊
ဖြစ်လည်းဖြစ်နိုင်တယ်၊ လုပ်လည်းလုပ်နေကြတာပဲ၊
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာကို ကိုတိုးကြီးဆိုတာကောင်းတာပဲ ၊
ကဗျာကိုယ်၌ကလည်း သီချင်းဖြစ်လောက်တဲ့ အသံ,
စကားလုံး,ရည်ရွယ်ချက် စတာတွေ ရှိနေရမှာပေါ့၊
သူလို ကိုယ်လိုရေးတဲ့ ကဗျာကိုတော့ သီချင်းလုပ်လို့ ထူးခြားမှာ မဟုတ်ဘူး၊
အခု ကိုဒီရဲ့ကဗျာ ဇာမဏီငှက်ကို သီချင်းလုပ်တာ ဖြစ်တာပဲ၊
ဒါပေမယ့် ကဗျာကို ရုပ်ရှင်ရိုက်မယ် ဆိုတာကြီးကတော့ ခပ်ရူးရူးအတွေးပါဗျာ၊
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
နီကိုရဲ ။ ။ ကဗျာရှည်ဆိုရင်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်။
ထူးအိမ်သင် ။ ။ ကြိုးစားမကြည့်ရဘူးတော့ ကျွန်တော် မပြောပါဘူး။
ဒါပေမယ့် ကဗျာဟာ လွတ်လပ်တယ်ဗျ။ တစ်သီးပုဂ္ဂလဆန်တယ်၊
ကဗျာထဲမှာပါတဲ့ ညနေဟာ ခင်ဗျားဖတ်ရင် ခင်ဗျား ညနေပဲ၊
ကျွန်တော်ဖတ်ရင် ကျွန်တော့် ညနေပဲ၊ တူမှာမဟုတ်ဘူး၊
ရုပ်ရှင်ရိုက်လိုက်ရင် သူတို့ပြတဲ့ညနေ ဖြစ်သွားမယ်၊
ခင်ဗျားတို့ ကျွန်တော်တိုရဲ့ညနေ မဟုတ်တော့ဘူး၊
တိုးတက်လာတဲ့နည်းပညာက ဆန်းသစ်မှု နောက်ကို လိုက်နိုင်တယ်၊
ကဗျာရဲ့နူးညံ့မှုကိုတော့ သူ ယူပေးနိုင်မှာ မဟုတ်ဘူး။
ထူးအိမ်သင် ကွယ်လွန်ခြင်း (၂)နှစ်မြောက်တွင် ထုတ်ဝေခဲ့သော ''အစိမ်းရင့်ရောင်ရက်စွဲများ'' စာအုပ်မှ...
Comments
Post a Comment