မော်ဒန်ရှင်းတမ်း
[က]
ယနေ့ မြန်မာစာပေလောကတွင် လတ်တလော အငြင်းပွားဖွယ် အရှိဆုံး ပြဿနာမှာ ခေတ်ပေါ်ကဗျာပြဿနာ ဖြစ်သည်။ စနစ်တကျလေ့လာသူ၊ စနစ်တကျပြောဆိုသူဟူ၍ မရှိတော့ဘဲ မော်ဒန်စင်တော်ကြီးမှာ ရသေ့ရှစ်သောင်း ယိမ်းကရာနေရာဖြစ်၍နေပါတော့သည်။
အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော့်အနေဖြင့် ဤလိုကိစ္စမျိုးတွင်ပါဝင်ပတ်သတ်လိုခြင်းမရှိပါ။ အငြင်းအခုံဖြစ်နိုင် သည့် သဘောတရားကိစ္စများထက် ကိုယ့်အယူအဆနဲ့ကိုယ် ပိုင်ပိုင်နိုင်နိုင်ကဗျာရေးခြင်း ၀တ္ထုရေးခြင်း၌သာ မွေ့လျော်နေ လိုပါသည်။ မလွှဲသာ၍ ပြောမည်ကြံတော့လည်း ငါမှဝင်မရှင်းလျှင် မဖြစ်ဟူသော အမြင်ဖြင့် မိမိအတ္တကို တံခွန်ထူရန် ကြိုး စားခြင်း မဟုတ်ကြောင်း သိကြစေလိုပါသည်။
အယူအဆကိစ္စများကို ပြောဆိုရာ၌ တိကျပြတ်သားစွာ ပြောဆိုရသော သဘောသဘာဝရှိပါသည်။ (ထိုသို့ ပြောမှလည်း ရှင်းလင်းပါမည်။) ထိုသို့ပြောရာ၌ ဓမ္မဓိဋ္ဌာန်သဘောကိုသာ ဦးတည်ပြောပါသည်။ မလွှဲမရှောင်သာ၍ အမည် နာမတချို့ကို ထုတ်ဖော်သုံးစွဲလိုက်ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ပုဂ္ဂိုလ်ရေးအရ စော်ကားလိုခြင်း၊ ပုတ်ခတ်ထိပါးလိုခြင်း မရှိကြောင်း ရှေးဦးစကား ပြောကြားလိုပါသည်။
ကျွန်တော့်သဘောပြောရလျှင် မော်ဒန်ပြဿနာမှာ အလုပ်မရှိ အလုပ်ရှာနေသော ကိစ္စများသာဖြစ်ပါသည်။ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်နေကြသော ပြဿနာဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ရသောအကြောင်းကို ဆန်းစစ်သောအခါ အရင်း ခံအဖြစ် အောက်ပါ အကြောင်းအချက်အလက်များကို တွေ့ရပါသည်။
(၁) ယနေ့ခေတ်ပေါ်ကဗျာရေးနေသူ၊ ရေးလိုသူဆိုသော လူငယ်အများစုသည် လေ့လာစရာများကို ကိုယ်တိုင် ကိုယ်ကျ ထဲထဲဝင်ဝင် မလေ့လာဘဲ လေသံကြား ဖမ်းတရားနာကာ အလွယ်တကူ နို့သက်ခံစို့လိုခြင်း။
(၂) မူလက ဤခေတ်ပေါ်ဝါဒဆိုသည်ကို မြန်မာနိုင်ငံတွင် မျိုးစေ့ချပေးခဲ့သည်ဟု ဆိုနိုင်သော ပုဂ္ဂိုလ်တချို့က ကျောခိုင်းစွန့်ခွာသွားကြခြင်း။
(၃) ပုဂ္ဂိုလ်တချို့ကမူ ဖိုးသူတော်မျက်စိလည်လေ ဆွမ်းဆန်ပိုရလေဆိုသော စေတနာဖြင့် ကိုယ်တိုင် ဝေ့လည် ကြောင်ပတ် ဖြစ်နေခြင်း။
(၄) ယခင်က ဤပြဿနာနှင့် ကင်းကင်းကွာကွာ နေခဲ့သော ပုဂ္ဂိုလ်တချို့က သူတို့သြဇာကို အသုံးချကာ ခါတော်မှီလက်လွတ်စပယ် ကောက်ချက်ချလာခြင်း။
(၅) စာပေလောကတွင် သီတင်းကျွတ် ဗြောက်အိုးဖောက်ချင်သော ကလေးစိတ်ဓာတ်မျိုးဖြင့် ပွဲဆူလျှင် ပျော်စရာ ကောင်းသည်ဟု ယူဆသောလူတချို့က ပြဿနာမရှိ ပြဿနာရှာခြင်း။
(ဥပမာ- ကာရန်မဲ့၊ မမဲ့ကိစ္စ)
ဤအချက်များကို တစ်ခုချင်း ရှင်းလင်းပါမည်။
[ခ]
(၁) ‘ခေတ်ပေါ်ကဗျာ’ ဆိုသောစကားလုံး မြန်မာစာပေလောကတွင် ခေတ်စားလာခဲ့သည်မှာ ၁၉၇၀ခုနှစ်တ၀ိုက် ကဖြစ်၍ ၂၅နှစ်ခန့်သာရှိသေးရာ စာပေသမိုင်းတစ်ခု၏ကာလနှင့် တွက်ဆလျှင် လျှပ်တစ်ပြက်မျှသာ ဆိုနိုင်ပါသည်။ သိလိုသူတချို့ နောက်ကြောင်းပြန်လေ့လာလိုပါက အလွယ်တကူ လေ့လာနိုင်ပါသည်။ ထိုထက် ခေတ်ပေါ်ဝါဒ ပိုမိုကျယ်ပြန့်စွာသိလိုလျှင် ခြေရာကောက်စရာ ကမ္ဘာ့စာပေ အနုပညာလက်ရာများ၊ သီအိုရီကျမ်းများ၊ ရသဗေဒကျမ်းများ မြန်မာပြည်တွင် မြောက်မြားစွာရှိပါသည်။ (ဤနေရာတွင် သရဖူမဂ္ဂဇင်း ‘တဒင်္ဂကောက်ကြောင်း’၌ ဟိန်းလတ်ပြောခဲ့သောခေတ်ပေါ်အနုပညာရပ် အားလုံးကို တီးခေါက်မိရမည်ဆိုသောစကားကို အကြွင်းမဲ့ထောက်ခံပါသည်။) ဥစ္စာရင်လို ဥစ္စာရင် ခဲရပါမည်။
သို့သော် ခေတ်ပေါ်ကဗျာဆရာ အမည်ခံလိုသော လူငယ်တော်တော်များများပင် ထိုကဲ့သို့လေ့လာရန် စိတ်ရှည်ဇွဲသန်ခြင်း မရှိကြ။ စမူဆာကြော်တတ်ဖို့လောက်ပင် ခက်ခက်ခဲခဲသင်လိုက်ရသည်မရှိဘဲ နတ်ရေကန်ထဲ ခုန်ချ လိုက်သလို တမုဟုတ်ချင်း ခေတ်ပေါ်ကဗျာဆရာဖြစ်ကုန်ကြတော့သည်။(ခေတ်ပေါ်ကဗျာအတုများ မြောက်မြားစွာ ထွက်ပေါ်နေခြင်းက ဤအချက်ကို သက်သေခံနေပါသည်။)
အဆိုးဆုံးမှာ ထိုအထဲမှတချို့က တစ်စွန်းတစ်စအသိနှင့်ပင် မျက်ကန်းတစ္ဆေမကြောက် တတ်ယောင်ကား၊ ထင်ရာ မြင်ရာ ၀င်ရောက်ပြောဆိုကြသည်မှာ ထိုကိစ္စကို ကြာလေရှင်းရခက်လေ ဖြစ်လာပါတော့သည်။
(၂) ၁၉၆၈ကဖြစ်သည်။ ကဗျာကို စိတ်ဝင်စားသော ဆောင်းပါးရှင်မြဇင်က “ခေတ်ပေါ်ကဗျာ ကြေညာစာတမ်း” ဟူသော ဆောင်းပါးတစ်ပုဒ်ကို(ငွေတာရီတွင်ထင်ပါသည်) ရေးခဲ့ပါသည်။ ပထမဆုံးစတင်တွေ့ရသော အသုံးအနှုန်းဖြစ် ကာ Modern Poetry ဆိုသော အင်္ဂလိပ်စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ နောင်တွင် ကဗျာနရီနှင့် နိမိတ်ပုံဆို သော စာအုပ်တစ်အုပ်ထုတ်ခဲ့သည်။ ထို့နောက်တွင်တော့ မြဇင်သည် မြန်မာခေတ်ပေါ်ကဗျာကဗျာဆိုသော စာအုပ် တစ်အုပ်ကို စုစည်းထုတ်ဝေ၍ ကျောခိုင်းသွားခဲ့ပါသည်။ သူစီစဉ်သော ထိုစာအုပ်ထဲတွင်ပါဝင်သည့်သခင်ကိုယ်တော်မှိုင်း အစ ပျဉ်းမနားမောင်နီသင်း အဆုံးကဗျာဆရာများမှာ ရိုမန်တစ်နှင့် နီရိုရိုမန်တစ်ဝါဒီများသာဖြစ်သည်။ (သူက ကုန်ဘောင် ခေတ်နှောင်းပိုင်း အချုပ်တန်းဆရာဖေနောက်မှ ဖြစ်သော ကဗျာဆရာများထဲတွင် နီရိုရိုမန်တစ်အဆင့်အထိသာ လက်ခံ ကြောင်း ဖော်ပြခဲ့ခြင်းသာဖြစ်ခဲ့ပါသည်။)
(၃) ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည် မောင်သာနိုး၏ ထင်းရှူးပင်ရိပ် အနောက်တိုင်းကဗျာ ဘာသာပြန် များကို စုစည်းထုတ်ဝေသည့်စာအုပ်မှာ ခေတ်ပေါ်ကဗျာကို စိတ်ဝင်စားသော ထိုစဉ်က လူငယ်ထုပေါ်ကြီးမားစွာ သြဇာရိုက် ခဲ့ပါသည်။ သူက ခေတ်ပေါ်ကဗျာဟု မသုံးဘဲ မူရင်းအသံကို ဖလှယ်ကာ မော်ဒန်ပေါ်ယဲ့ထရီဟု သုံးစွဲခဲ့ပါသည်။ တရား ကိုယ်မကွဲပါက အခေါ်အဝေါ်ကွဲပြားခြင်းမှာ ပြဿနာတစ်စုံတစ်ရာမရှိပါ။
အနောက်တိုင်းကဗျာသမိုင်းကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရသည့်အတွက် မောင်သာနိုးကို ကျေးဇူးတင် စရာ ကောင်းပါသည်။ သို့သော် ထိုစာအုပ်ထဲမှ ကဗျာဆရာ အများစုမှာ အစဉ်အလာ (ဂန္ထ၀င်)နှင့် ရိုမန်တစ်ဝါဒီတွေသာ ဖြစ်နေပါသည်။ (ဥပမာ- ရှိတ်စပီးယား၊ ၀ီလျံဝစ်စ်ဝတ်၊ ၀ီလျံဘလိတ်၊ ဂျွန်ကိ၊ ဘိုင်ရွန်၊ ရှယ်လီ) ဘို့ဒလဲယားအပါအ၀င် ကျန်လူများ အသုံးပြုခဲ့သည့် ကဗျာဝါဒဟူသည်မှာလည်း (သင်္ကေတ၊ ဆာရီရယ်လစ်) ထိုစာအုပ်မထွက် ပေါ်မီ နှစ်များစွာ ကပင်ခေတ်ကုန်ဆုံးကာ ဖုန်တက်နေသော အယူအဆများသာဖြစ်သည်။ တကယ်တော့ မော်ဒန်သမားများဖြစ်သည့် ပင်ဂွင်းတိုက်ထုတ် မော်ဒန်ဥရောပကဗျာဆရာများအတွဲထဲမှ အရေးမပါသော ယက်တူရှင်ကို တစ်ယောက်သာပါသည်ကို တွေ့ရပါသည်။ အင်မတန်အရေးကြီးသော ဟိုးလဗ်၊ ဇင်ဘောနျူးဟားဗစ်၊ အာဇင်ဘာဂျာ၊ ပိုးပါးကွာစီမိုဒို၊ အက္ခမာတိုးဗား၊ ပရဲဘက်၊ ယဲနစ်ရစ်စ်စိုး၊ ဂန်သာဂရပ် စသည်တို့မပါပါ။
သူက ထင်းရှူးပင်ရိပ်ကဗျာထဲပါ ကဗျာများအတိုင်း မြန်မာကဗျာဆရာများ လိုက်လံရေးကြရန် မရည်ရွယ်သော် လည်း မြန်မာကဗျာဆရာများကမူ ထိုစာအုပ်ပါ ကဗျာများကို စံထား၍ မြန်မာမော်ဒန်ကဗျာများကို ရေးထုတ်ပါတော့သည်။ သည်တော့မှ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြု၍ မောင်သာနိုးက မော်ဒန်ခေတ် ကုန်ဆုံး သွားပြီဟု ကြွေးကြော်ခဲ့ပါသည်။ ဇာတ်ရည်မလည်သော မြန်မာကဗျာဆရာ အတော်များများမှာ အိုးတိုးအ,တနှင့် ခွကျ ကုန်ပါတော့သည်။
အမှန်စင်စစ် ကမ္ဘာတွင် ကုန်ဆုံးသွားသော မော်ဒန်ဝါဒဆိုသည်မှာ ထင်းရှူးပင်ရိပ်စာအုပ်ထဲတွင်ပါဝင်သော အမှန် လွန်ဝါဒ၊ သင်္ကေတ၀ါဒ၊ ဒါဒါဝါဒ စသည့်ဝါဒများသာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ယနေ့ခေတ်တိုင် နှောင်းခေတ်ပေါ်ဝါဒီများ ဖြစ်သော ပြင်သစ်က Master of Plain ခေါ်သည့် ပရဲဗတ်၏ Neo Sur realism, Political Scientist poet ဟုခေါ်ကြသော ဟိုးလပ်နှင့် ဂျာမာန်မှ အက်ဇင်ဘာဂျာတို့၏ Anti-Literary-Poems, ဂန်သာဂရပ်စ်၏ Super-realism, အလန်းဂင်းစဘတ် တို့၏ ဘိမျိုးဆက်သစ်ကဗျာများ၊ အမေရိကန်မှပင် စပိုက်မစ်စလီဂန်၏ Pop Poetry ပြင်သစ်မှ Guilevic ၏ Graphic Poetry စသဖြင့် ကဗျာအယူအဆများစွာ ဖြစ်ထွန်းနေသည်မှာ လေ့လာမကုန်နိုင်ဖွယ်ပင်ဖြစ်ပါသည်။
(၄) ဒဂုန်တာရာသည် ယခင်ကာလတစ်လျှောက်လုံးတွင် မော်ဒန်ကဗျာဝါဒနှင့်ပတ်သတ်၍ အကင်းပါးစွာ သူ၏ ထုံးစံအတိုင်း အပြစ်လွတ်အောင် နေထိုင်ခဲ့သူဖြစ်ပါသည်။ မိုးဝေးကဗျာခေတ်တွင် လူငယ်တွေ လေးလုံးစပ်ပုံစံကို ဖျက်၍ ကာရန်လွတ်ရေးနေသောအခါတွင်လည်း ကာရန်မဲ့ချင်မဲ့၊ အဘိဓမ္မာမမဲ့စေနဲ့ဟု လမ်းညွှန်ပေးခဲ့သူဖြစ်ပါသည်။ သူဆိုလို သော အဘိဓမ္မာဆိုသည်မှာ တာရာခေတ်က မွေးထုတ်ခဲ့သော စာပေသစ်အယူအဆဖြစ်သည်။ အနုပညာသည် ပြည်သူ့ အတွက် ဆိုသော အယူအဆကိုပင် ညွှန်းဆိုခြင်းဖြစ်ပါသည်။ သူ့အလုပ်မှန် အပြောမှန်ကိစ္စပင်ဖြစ်ပါသည်။ သို့သော် မကြာလှသော နှစ်ပိုင်းကမူ မော်ဒန်ကဗျာနှင့်ပတ်သတ်၍ စပ်စုရာမှ ကောက်ချက်တစ်ခုဆွဲလာပါတော့သည်။ မော်ဒန်ဆို သည်မှာ ခေတ်ပြိုင်ဝါဒဖြစ်သည်ဆိုသော အဆိုဖြစ်၏။ ကာရံမပါ ကဗျာမဖြစ်ဟု ပြောဆိုလာတော့သည်။ ဗဟုဝါဒကို ၀ါဒ ဖြန့်နေရင်းကပင် ကဗျာတွင်ကာရန်ရှိသည်ကိုသာ လက်ခံ၍ ကာရန်မဲ့ကို လက်မခံဟုဆိုသောအခါ သူနားလည်သော ဗဟုဝါဒကို နားမလည်နိုင်အောင် ဖြစ်ပါတော့သည်။
မော်ဒန်ဝါဒနှင့်ပတ်သတ်၍ သူရေးသောဆောင်းပါးဟောင်းတစ်ပုဒ်တွင် တွေ့ရသည်မှာ ဤသို့ဖြစ်သည်။
ပိတောက်ပွင့်သစ် ပထမခေတ်တွင် အောင်ဘညိုတို့အုပ်စုသည် မှော်ဘီသို့ မကြာခဏရောက်လေ့ရှိသည်။ မှော်ဘီဝတ်ကျောင်းတော်ရောက်တိုင်း ခေတ်ပေါ်ကဗျာဆိုတာ ဘာလဲဟု ဒဂုန်တာရာကို မေးလေ့ရှိသည်။ ထိုအချိန်၌ ဒဂုန် တာရာကား မျက်စိဝေဒနာကြောင့် စာမဖတ်နိုင်သည်မှာ ကြာမြင့်နေလေပြီ။ ဒီတော့ သူကပင် အောင်ဘညိုတို့ကို မော်ဒန် ကဗျာဆိုတာ ဘယ်လိုဟာမျိုးတွေလဲဟု ပြန်လှန်စပ်စုရတော့သည်။ နောက်ဆုံး အောင်ဘညိုတို့ ပြောသမျှကို နားထောင် ပြီးသောအခါ ကောက်ချက်တစ်ခုချလိုက်သည်။ ထိုကောက်ချက်မှာ ‘သြော် မော်ဒန်ကဗျာဆိုသည်ကား ခေတ်ပြိုင်ဝါဒကိုး’ဟူသော အဆိုဖြစ်သည်။ ထိုစကားနှင့်အတူ ခေတ်ပြိုင်ခံစားမှုဆိုသော စကားလည်း ခေတ်စားလာပါသည်။ သူ့သြဇာသက် ရောက်သော လူငယ်များက ဆင့်ကဲဆင့်ကဲ လက်ခံသုံးစွဲရာမှ မော်ဒန်ကဗျာဆိုသော စကားလုံးမှာ ခေတ်ပေါ်ကဗျာဟူ သောအသုံးဖြင့် အခြေကျနေပြီးကာမှ မလိုချင်ဘဲ ထပ်ရသောမယားငယ်လို ခေတ်ပြိုင်၊ ခေတ်ပြိုင်ခံစားမှုစသော စကားလုံး များနှင့် ရှုပ်ထွေးလာရပြန်တော့သည်။
အမှန်တော့ ခေတ်ပြိုင် (contemporaneously) ဆိုသည်မှာ အချိန်ကလာသက်သက်ကိုသာ ဆိုလိုသော စကား ဖြစ်၍ အာရုံခံစားမှုနှင့်မသက်ဆိုင်ပါ။ Contermporary ဆိုသည်မှာ တစ်ခေတ်တည်း ဖြစ်ခြင်းဟူသော အနက်အဓိပ္ပာယ် ထွက်၍နေပါသည်။ (ဥပမာ - ဒဂုန်တာရာသည်ကြည်အေး၊ ဂုဏ်ဝင်းတို့နှင် ခေတ်ပြိုင်ဖြစ်၍ ကျွန်တော်သည် အောင်ချိမ့်၊ မောင်ချောနွယ်တို့နှင့် ခေတ်ပြိုင်ဖြစ်ပါသည်။)
ခေတ်ပေါ်ကဗျာတွင် အရေးကြီးသောစကားလုံးမှာ ခေတ်ပေါ်အာရုံ ခံစားမှု (Modern- sensibility) ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှု မဟုတ်ပါ။ မော်ဒန်ခေတ်ဦးက ထုတ်ဝေသော ကဗျာစာအုပ်တစ်အုပ်၏ အမှာစာတွင် မင်းလှညွှန့်ကြူးကခေတ်ပေါ်အာရုံခံစားမှု ဟူသော စကားလုံးကိုပဲ ဖော်ထုတ်သုံးစွဲခဲ့ပါသည်။ ထိုစကားလုံးမှာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းရေး တွင် သော့ချက်ဖြစ်သော်လည်း နောက်လူတို့ မျက်ခြေပြတ်ခဲ့ကြပါသည်။ (ထိုစဉ်ကလည်း အဓိကမဟုတ်သော ကာရန်မဲ့ ပြဿနာမှာ ရှေ့တန်းသို့ ရောက်ရှိသွားပါတော့သည်။) မင်းလှညွှန့်ကြူးက အမှာစာတွင် မြို့ပြနှင့်ကျေးလက်အာရုံခံစားပုံ သိသိသာသာ မကွဲပြားတော့ကြောင်းသာ ရေးသားသွားပါသည်။
ခေတ်ပေါ်အာရုံခံစားမှုသည် ခေတ်ပေါ်လူ့အဖွဲ့အစည်း (modern civilization) တွင်းရှိ ခေတ်ပေါ်လူသားထံမှ ခေတ်ပေါ်အနုပညာလက်ရာကို ထွက်ပေါ်စေသည့် အရင်းခံအကြောင်းတရားဖြစ်သည်။ သတင်းပို့ဂြိုဟ်တု၊ ကြိုးမဲ့ကြေး နန်း၊ ဆယ်လူလာဖုန်း၊ ကွန်ပျူတာ၊ ကျည်ဆန်ရထား အသံထက်မြန်သောလေယာဉ် စသည့် အဝေးဆက်သွယ်မှုစံနစ် (Telecommunication) တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ လူတို့၏ကမ္ဘာ (သို့) အချိန်နှင့်နေရာ (Time & space) သည်လည်း တိုးတက်ကျုံ့ဝင်လျက်ရှိပါသည်။ ယခုအခါ တစ်ရှိန်ထိုး တိုးတက်လာသော အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ဆန်းပြားသော တက္ကနိုလိုဂျီနည်းပညာများကြောင့် ကမ္ဘာကြီးကို စက်မှုလွန်ခေတ်ထဲ ရောက်သွားသည်ဟု ဆိုကြလေသည်။ ထိုအခြေအနေများနှင့် ကိုက်ညီအောင် အနုပညာသည်လည်း ပြောင်းလဲလိုက်ပါရပေမည်။ မပြောင်းလဲပါက လူများ၏ ခေတ်ပေါ်အာရုံခံစားမှုနှင့် စည်းဝါးမကိုက်ညီခြင်းကြောင့် အနုပညာသည် တခြားသောခေတ်ပေါ်အာရုံ ရုပ်ဝတ္ထုပစ္စည်းများ ၏ ၀ါးမျိုးခြင်းခံရကာ ကျဆုံးရမည်မှာ မလွဲသေချာပင် ဖြစ်တော့သည်။
(၅) ပွဲပြီးမီးသေဖြစ်ရာမှ ပြန်လည်ဆူပွက်လာသော တခြားမော်ဒန်ကဗျာကိစ္စမှာ ကာရန်မဲ့ပြဿနာပင် ဖြစ်ပါ သည်။ ကာရန်မဲ့ခြင်းဆိုသည်မှာ ခေတ်ပေါ်ကဗျာ၏ ၀ိသေသလက္ခဏာတစ်ရပ် မဟုတ်ပါ။ ခေတ်ပေါ်ကဗျာတစ်ပုဒ်ဖြစ်ရန် ပေါင်းစုံနေသော အကြောင်းအချက်ပေါင်းများစွာထဲမှ သာမညအကြောင်းအချက် တစ်ခုမျှသာဖြစ်ပါသည်။
ခေတ်ပေါ်ကဗျာ ပေါ်ထွန်းစက ခေတ်ပေါ်ကဗျာအကြောင်း ကောင်းစွာနားမလည်သော လူတချို့က ထင်သာ မြင်လွယ်သော အချက်ဖြစ်သည့် ကာရန်မဲ့ခြင်းကိုကြည့်ကာ “ခေတ်ပေါ်ကဗျာဆိုတာ ကာရန်မဲ့ကဗျာကို ခေါ်တာပဲ”ဟု ကင်းပွန်းတပ်ခဲ့သည့် ပေါ့ပေါ့တန်တန် စွပ်စွဲချက်တစ်ခုသာဖြစ်ပါသည်။ မိမိကိုယ်မိမိ ခေတ်ပေါ်ကဗျာရေးသူဟု ဆိုကြသော အတုတချို့ကလည်း ထိုစကားကိုပင် အလွယ်တကူလက်ခံကာ. . .သံယောင်လိုက်အော်ခဲ့ကြသည်။ (ကျွန်တော့်အနေဖြင့် ကဗျာရေးသောအခါ ကာရန်အကြောင်းကို အနည်းငယ်မျှပင် ထည့်သွင်းမစဉ်းစားခဲ့ပေ။ ဆွေးနွေးငြင်းခုံစရာဟုလည်း မမြင် ချေ။)
ယခုအခါ ထိုပြဿနာကိုပင် အစကောက်လာကြပြန်သည်။ ရစ်သမ်နှင့် နရီပြဿနာပါ ရောထွေးလာ၏။ ရစ်သမ် မှာ အနုပညာရပ်တိုင်းတွင်ရှိသော ပြေပြစ်ညီညွတ်မှုနှင့် ဟန်ချက်ကို ညွှန်းဆိုသည်။ Rhythm မှာ စီးဆင်းမှု (Flow)နှင့်ပတ် သတ်၍ နရီ(Timing)က အရှိန်အဟုန် (Tempo)နှင့် ပတ်သတ်ပါသည်။ ထိုသဘောတရားမှာ ရုပ်ရှင် အနုပညာတွင် ပို၍ ထင်ရှားပါသည်။
[ဂ]
မြန်မာကဗျာ ဖြစ်ပေါ်မှုသမိုင်းတွင် ခေတ်ပေါ်ကဗျာ၏ တိုးတက်ဖြစ်ထွန်းမှုမှာ ထူးခြားထင်ရှားလွန်းလှသည်ကို အသိအမှတ်ပြုကြရပါတော့မည်။
အစဉ်အလာ မြန်မာ့ကဗျာ( ဂန္ထ၀င်)လောင်းရိပ်မှ ဖောက်ထွက်ခဲ့သော မြန်မာကဗျာသည် ခေတ်ပေါ်ကဗျာကာလ မတိုင်မီအရေးကြီးသော အလှည့်အပြောင်းနှစ်ခု၊ သို့မဟုတ် အဆင့်နှစ်ဆင့်ကို ဖြတ်ကူးခဲ့ရပါသည်။
ပထမအဆင့်မှာ ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ ခေတ်စမ်းကဗျာဖြစ်သည်။ ခေတ်စမ်းကဗျာနှင့် ဂန္ထ၀င်ကဗျာတို့၏ အဓိကခြားနားချက်မှာ အကြောင်းအရာနှင့် ခံစားမှုဖြစ်သည်။ ထီးဟန်နန်းဆန်သောအကြောင်းအရာမှ အရပ်ဆန်သော သာမည အကြောင်းအရာဆီသို့ ကဗျာဆရာများ အာရုံစူးစိုက်ခဲ့ကြသည်။ ပုံသဏ္ဍာန်မှာမူ ဂန္ထ၀င်ကဗျာတွေထဲမှပင် လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန်ကို ဆက်လက်ကိုင်စွဲခဲ့ကြသည်။ (မြန်မာဂန္ထ၀င်ကဗျာသမိုင်းသည်ကား ကဗျာပုံသဏ္ဍာန် များ၏ သမိုင်းဟုပင် သတ်မှတ်နိုင်လောက်အောင် ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ဘောလည်၊ တေးထပ်၊ လေးချိုး၊ ဒွေးချိုး စသည့်ဖြင့် ထူးထွေများမြောင်လှသော ကဗျာရေးဖွဲ့စပ်ထုံးတို့ ထွန်းကားခဲ့ကြ၏။) ထိုအထဲမှ ခေတ်စမ်းသည် လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန် ဆက်လက်သယ်ဆောင်ခဲ့သည်။ စာပေဆန်လွန်းသော အသုံးအနှုန်း(အကွန့်အညွန့်) များမှ ပြေပြစ်သော စကားပြေဟန်ကို ကိုင်စွဲရေးဖွဲ့လာကြသည်။ အကြောင်းအရာတွင်လည်း ဂန္ထ၀င်ထက် လူထုနှင့် ပိုမို နီးစပ်လာနိုင်သည်ဟု ဆိုနိုင်လေသည်။
ဒုတိယအဆင့်အလှည့်အပြောင်းတွင် ဒဂုန်တာရာနှင့် အပေါင်းအသင်းတို့၏ စာပေသစ်ဖြစ်၏။ ဒဂုန်တာရာနှင့် ကြည်အေးအပါအ၀င် အပေါင်းအသင်းများသည် ရေးဖွဲ့ပုံစနစ်၌ ခေတ်ဆန်းက ဂန္ထ၀င်အမွေခံခဲ့သော လေးလုံးစပ်နှင့် လေးချိုးပုံသဏ္ဍာန်ကိုပင် ဆက်လက် အမွေခံခဲ့သည်။ (ဇော်ဂျီလေးချိုးနှင့် ကြည်အေးလေးချိုးတို့ ယှဉ်ကြည့်ပါက အပေါ် ယံအသုံးအနှုန်း ကွာခြားသော်လည်း လေးချိုးဟူသော ပုံစံခွက်ထဲ ကျရောက်နေပုံမှာ အတူတူပင်ဖြစ်သည်။) စာပေသစ်က မြန်မာကဗျာတွင် ထပ်ဆင့်ပေးခဲ့သော အဆင်တန်ဆာမှာ “အနုပညာသည် ပြည်သူ့အတွက်ပင် ဖြစ်ရမည်။” ဆိုသော သဘောတရားသာဖြစ်ပေသည်။ ထို့ကြောင့် ဤဒုတိယအဆင့်အလှည့်အပြောင်းကို အယူအဆပိုင်းဆိုင်ရာ အပြောင်း အလဲအဖြစ် မှတ်ယူရမည်ဖြစ်လေသည်။ အနုပညာသည် ၀ါဒဖြန့်ချိရေးလက်နက်၊ အနုပညာသည် နိုင်ငံရေး၏ လက် အောက်ခံ ဖြစ်သည်ဆိုသော ထို(စာပေသစ်)အယူအဆသည် ထိုစဉ်ကပင် ကန့်ကွက်သူများရှိခဲ့သော်လည်း မိုးဝေကဗျာ ခေတ်အထိ ထင်ရှားအားကောင်းနေခဲ့၏။ ယနေ့မြန်မာခေတ်ပေါ်မှာမူ ထိုအဆင့်နှစ်ဆင့်လုံးကိုပင် လုံးဝဆန့်ကျင် ပစ်ပယ် လေသည်။
ထို့ကြောင့်ပင် ခေတ်ပေါ်ကဗျာကို ထူးခြားထင်ရှားသော အပြောင်းအလဲဟု ဆိုခဲ့ခြင်းဖြစ်သည်။ ခေတ်ပေါ်ကဗျာ သည်ကား မြန်မာကဗျာဖြစ်ပေါ်တိုးတက်ရာတွင် တတိယအလှည့်အပြောင်းနှင့်အရေးကြီးသော အလှည့်အပြောင်းပင် ဖြစ်လေသည်။
ခေတ်ပေါ်ကဗျာသည် ဂန္ထ၀င်ကဗျာ၏ အစဉ်အလာကို ဆက်ခံခဲ့သော ခေတ်စမ်းနှင့် တာရာခေတ်၏ လေးလုံးစပ် နှင့်လေးချိုးပုံသဏ္ဍာန်ကို သာမက ကာရန်စနစ်ကိုပါ အတိအလင်း ပြတ်ပြတ်သားသား စွန့်ပစ်လိုက်သည်။ တစ်ပြိုင်နက် တည်းပင် စာပေသစ်၏ အသက်သွေးကြောဖြစ်သော အနုပညာသည် ပြည်သူ့အတွက်ဆိုသော အတွေးအခေါ်ကိုပါ စွန့်ပစ်လိုက်ပါသည်။ (မောင်သင်းခိုင်နှင့် မောင်ချောနွယ်တို့၏ အင်တာဗျူးများတွင် ထိုအယူအဆကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ မောင်သာနိုးကိုယ်တိုင် ကလည်း မာက်စ်ဝါဒကို စွန့်ပစ်ခဲ့ပြီးဖြစ်ကြောင်း ကြောညာခဲ့ပြီးဖြစ်သည်။)
ဂန္ထ၀င်ခေတ်စမ်း စာပေသစ်တို့နှင့် လုံးဝလမ်းခွဲခဲ့သော ခေတ်ပေါ်ကဗျာသည် အကြီးမားဆုံးသော စွန့်စားမှုနှင့် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုကြီးကို ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလကပင် ကျွန်တော်တို့ ကောင်းစွာ သဘောပေါက်ခဲ့သည်။ ယနေ့ကာလသည်ကား အတိမ်းအစောင်းမခံသော ခေတ်ပေါ်ကဗျာ အတွက် အဆုံးအဖြတ်ကာလပင်ဖြစ်သည်။ ခေတ်ပေါ်ကဗျာသမားတိုင်း တွေဝေမှုမရှိ ရဲရင့်ပြတ်သားကြရပါမည်။ ကျွန် တော်တို့အနေနှင့်မူ မည်သို့သော အသီးအပွင့်မှ မခံစားရစေကာမူ၊ မည်သို့သော အတားအဆီးနှင့် ကြုံရစေကာမူ ခေတ်ပေါ်ကဗျာသည်ကား နောက်ပြန်ဆုတ်စရာ မရှိသော အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း ထင်ရှားသထက် ထင်ရှားလာနေပါတော့သည်။
Comments
Post a Comment