လမ်းမများ
ဆာလောင်တပ်မက်တဲ့စိတ်ရိုင်းတွေနဲ့
တဟုန်ထိုး ဆန့်ထွက်သွားခဲ့ကြ
ကမ္ဘာမြေသားပြင်ပေါ်က ငါတို့ရဲ့အနက်ရောင်လျှာများ ။
တောင်နံရံတွေ ဖဲ့ထုတ်
တောအုပ်တစ်ချို့ကို ခုတ်လှဲ
သူတို့ရဲ့အစာတွေဆီ အနံ့ခံရင်းက တွန့်လိမ်ပြီးစီးဆင်းသွားကြရဲ့။
လမ်းမတွေ ရှည်လျားကြ ၊
ကမ္ဘာ့အစွန့်ဖျားထိ လမ်းမတွေ ရှည်လျားကြ ၊
လရဲ့မျက်နာပြင်ပေါ်ထိ လမ်းမတွေ ရှည်လျားကြ ၊
ကြယ်စုတန်းတွေရဲ့အစွန်းအထိ
အဲဒီကနေ သယ်ဆောင်လာခဲ့သမျှ
ငါတို့ရဲ့အာခံတွင်းထဲမှာ ၀ါးချေ
ဝိညဉ်တွေရဲ့အစာအဖြစ်နဲ့လေ ။
တစ်ချို့သောလမ်းမတွေက
သတ္တုရိုင်းတွေနဲ့ ရွှေတွင်းတွေကို သယ်ဆောင်လာကြ
တစ်ချို့သောလမ်းမတွေက
နတ်ဘုရားတွေနဲ့ တမန်တော်တွေကို ခေါ်ဆောင်လာကြ
တစ်ချို့သောလမ်းမတွေက
သိပ္ပံသီအိုရီတွေနဲ့ နိုင်ငံရေးစနစ်တွေကို ယူဆောင်လာကြ ။
မာကျောလွန်းတဲ့ဒီအစာတွေ
ငါတို့ရဲ့အစာအိမ်ထဲမှာ ဓာတ်ပြုကြ
ငါတို့ရဲ့အစာအိမ်ထဲမှာ ပေါက်ကွဲကြ
အူနံရံတွေက လက်မခံနိုင်တဲ့အခါ
ကမ္ဘာမြေပေါ် အန်ထုတ်လိုက်ကြတယ် ။
တချိုကသော ပါးစပ်ပေါက်တွေက
ရာဇ၀တ်မှုတွေနဲ့ အကျဉ်းထောင်များ
တချိုကသော ပါးစပ်ပေါက်တွေက
ဓာတုလက်နက်တွေနဲ့ အဆိပ်သင့်နေတဲ့မြို့ပြများ
တချိုကသော ပါးစပ်ပေါက်တွေက
လူမှုရေးနဲ့ ဘာသာရေးစစ်ပွဲများ
ကမ္ဘာမြေဟာ ရှုပ်ပွသွားတော့ တယ် ။
လမ်းမတွေကတော့ဆက်ပြီးရှင်သန်နေကြရဲ့
လမ်းမတစ်ခုနဲ့တစ်ခု အရှိန်ပြင်းစွာတိုက်ခိုက်မိကြ
လမ်းမတစ်ခုနဲ့တစ်ခု အလုအယက်ခုန်အုပ်လိုက်ကြ
အဝေးကြည့်လိုက်တဲ့အခါ
အနက်ရောင်မျဉ်းဖြတ်လမ်းများအဖြစ်
တင်းတင်းကျပ်ကျပ် ကမ္ဘာမြေကို ရစ်ပတ်ထားကြတယ်။
*မြင့်မိုးအောင်*

Comments
Post a Comment