ခေတ်ပြိုင်တရုတ်ကဗျာများစုစည်းမှု မြန်မာပြန်- (ဇေယျာလင်း)

#ဆရာအောင်ငြိမ်းဆီးကကူးယူ၏


……………………………………………………..
ဆူညံသံ
=========
ဝုန်းကနဲ ဒိုင်းကနဲပြိုလဲကျသံ။
အိမ်အပြင်ငါထွက်လျှောက်ကြည့်တယ်။
ဘာမှမတွေ့ဘူး။
တစ်နာရီအကြာ
မီးဖိုချောင်ထဲငါဝင်သွားတယ်
စဉ်းတီတုံးဟာ စားပွဲပေါ်ကျနေတယ်
ဖန်ကွဲစတွေပြန့်ကြဲ။
အားလုံးငြိမ်သက်ပဲ ၊
စဉ်းတီတုံး ၊ ဖန်ကွဲစတွေ ၊ လုံးလုံး
ငြိမ်သက် ၊ တိတ်ဆိတ်။
ပြီးခဲ့တဲ့ တစ်နာရီတုန်းက
စဉ်းတီတုံးဟာ နံရံမှာ သံနဲ့ချိတ်လို့
သူ့အောက်တည့်တည့်က ဖန်ခွက်ဟာလည်း
ငြိမ်သက်တိတ်ဆိတ်လို့ ။ ။
.
ဟန်တောင်
(Hang Dong ရဲ Noise)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
.
မင်းရဲ့လက်
=========
မင်းရဲ့လက်တစ်ဘက်ကို ငါ့ကိုယ်ပေါ်တင်ပြီး
မင်းအေးအေးချမ်းချမ်း အိပ်ပျော်သွားတော့တယ်
အဲ့ဒါကြောင့်ပဲ ငါ့မှာ အိပ်လို့မရဘူး
မင်းလက်ရဲ့ပေါ့ပါးမှုဟာ
တဖြည်းဖြည်းနဲ့ခဲသားလိုလေးလံလာတော့တယ်
ညဟာ အရှည်ကြီးပဲ
မင်းဟာ နေရာမရွေ့ဘူး
ဒီလက်ဟာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ ဖြစ်သင့်တာပေါ့
အခြားပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ် လည်း ရှိကောင်းရှိလိမ့်မယ်
ဒီလက်ကိုငါမဖယ်ရှားရဲဘူး
မင်းနိုးလာမှာငါစိုးတယ်
ကျင့်သားရပြီး ကြိုက်လည်း ကြိုက်သွားတဲ့အခါ
အိပ်မက်တွေထဲမှာ ရုတ်တရက် မင်းလက်မင်းပြန် ရုတ်လိုက်တယ်
ဒါတွေအားလုံး မင်းလုံးလုံးမှမသိ။
Han Dong ရဲ့ Your Hand
ဘာသာပြန်_ဇေယျာလင်း
#ပြီးခဲ့တဲ့နှစ်ကာလတွေ
ပြီးခဲ့တဲ့နှစ်ကာလတွေဟာ ငါ့အတွက် မဆိုးဝါးခဲ့ပါဘူး
ငါ ချစ်တတ်သေးပေမယ့် ရည်းစားတွေမထားတော့ဘူး
ငါ အိပ်ပေမယ့် မိန်းမတွေနဲ့ မဟုတ်တော့ဘူး
ငါ ရေးတုန်းပေမယ့် ကဗျာဓာတ်တော့ မရှိတော့ဘူး
ငါဟာ ရိုင်းစိုင်းပေမယ့် မိတ်ပျက်သွားတာ မရှိဘူး
များသောအားဖြင့် နန်ကျင်းမှာ ငါ နေထိုင်ပေမယ့်
မြို့ပြင်ခရီးထွက်ရင်လည်း ထွက်လိုက်တာပါပဲ
ငါဟာ အသက်ရှင်တုန်းပဲ၊ ဇရာကိုတော့ မမျှော်သေးဘူး
ပြီးခဲ့တဲ့နှစ်ကာလတွေမှာ ငါ့မှာ ပိုက်ဆံ သိပ်မရှိခဲ့ဘူး
ရှာချင်စိတ်လည်း မရှိခဲ့ဘူး
အိပ်ရေးမဝပေမယ့် အိပ်ဆေးတွေ မသုံးခဲ့ဘူး
အသားစား နည်းပေမယ့် ကြက်ခြေထောက်တော့ မစားဘူး
ခေါင်းလည်း ပြောင်စပြုနေပြီ၊ ဆံပင်တွေ ကျွတ်ကျပလေ့စေ
သွားတွေလည်း ကျိုးကုန်ပြီ၊ ရှိပလေ့စေတော့
ကျန်တဲ့သွားတွေနဲ့ စားလို့ ရသေးတယ်
ငါ့မုတ်ဆိတ်လည်း ဖြူသွားပြီ၊ အောက်က ' မုတ်ဆိတ် ' လည်း ထို့အတူ
မျက်ခုံးက အမွေးတွေ ရှည်လာတယ်၊ နှာခေါင်းထဲကလည်း ထို့အတူ
ပြီးခဲ့တဲ့နှစ်ကာလတွေမှာ ရှန်ဟိုင်း တစ်ခါရောက်ခဲ့တယ်
သူတို့ပြောကြတဲ့ ' ထူးခြားတဲ့အပြောင်းအလဲကြီးတွေ ' ငါ မတွေ့ခဲ့ဘူး
မြက်ခင်းပြင်ဆီ တစ်ခေါက်ရောက်ခဲ့တယ်
' သဘာဝနဲ့ တစ်သားတည်း ' ငါ မခံစားခဲ့ဘူး
စာအုပ်တွေ ငါဖတ်ခဲ့တယ်၊ တကယ်တော့ တစ်အုပ်တည်းကို ခုနစ်ခါ
သီချင်းနားထောင်ခဲ့တယ်၊ CD တစ်ချပ်ကိုပဲ နေ့စဉ်နေ့တိုင်း
စကားလုံးတွေဟာ ငါ့ကို မနှိပ်စက်ကြတော့သလို
ငါဟာလည်း ဘာသာစကားကို မညှဉ်းပမ်းတော့ဘူး
ပြီးခဲ့တဲ့နှစ်ကာလတွေမှာ သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်
ဒါပေမဲ့ ငါ့စိတ်ထဲမှာ သူ ရှိနေသေးသလိုပဲ
တစ်ယောက်ကတော့ ဟုန်းခနဲ ကျော်ကြားသွားခဲ့တယ်
ဆိုတော့ နှုတ်ဆက်ခွဲခွာခြင်းပဲပေါ့။ ဒီမှာပဲ ခွဲခွာလိုက်ကြစို့
ငါဟာ အခုလည်း ဟန်တောင်ပဲ၊ ဒါပေမဲ့ သူတို့က
ငါ့ကို ' အဖိုးကြီး ' လို့ ခေါ်ကြပြီ
ဟောဒီအဖိုးကြီးဟာ ကျန်းမာသန်စွမ်းတုန်းပါပဲ
အပတ်တိုင်း တောင်ပေါ်တက်တယ်
တောင်ထိပ်ကနေ အရပ်ရှစ်မျက်နှာ မငေးမောတော့ဘူး
အဆောက်အဦပြင်ပတွေမှာ လိင်ဆက်ဆံတာ မလုပ်တော့ဘူး
တောင်ပေါ်တက်ရင်း တစ်ဝက်အရောက်မှာ
ပြန်ဆင်းဖို့ ခြေလှမ်းပြင်နေပြီ။
(၂၀၀၂)
■ These Past Few Years-Han Dong -Han Dong
___________________________________________________
.
တောင်ပေါ်သားတွေ
================

ကလေးတုန်းက သူ့အဖေကို သူမေးတယ်
" တောင်တန်းတွေ ဟိုဘက်မှာ ဘာရှိသလဲ "
သူ့အဖေက ဖြေတယ် " တောင်တွေပေါ့ "
" အဲဒီတောင်တွေအလွန်မှာကော "
" တောင်တွေ၊ နောက်ထပ်တောင်တွေပေါ့ "
အဖေဟာ ဘာအသံမှမပြုဘဲ အဝေးကိုသာ ငေးကြည့်နေတယ်
ပထမဆုံးအကြိမ်အဖြစ်
တောင်တွေဟာ သူ့ကို ပင်ပန်းသွားစေတယ်
ဒီဘဝမှာ ဒီတောင်တွေထဲက သူ မထွက်နိုင်ဘူးလို့ ထင်ခဲ့တယ်
ပင်လယ်တော့ ရှိတယ် ဟိုးအဝေးအဝေးကြီးမှာ
နေစရာဟာလည်း နှစ်တစ်ဒါဇင်လောက်ပဲ ရှိတော့တယ်
ပင်လယ်ကိုမရောက်ခင်ပဲ လမ်းတစ်ဝက်မှာ သူ သေသွားနိုင်တယ်
တောင်တွေမှာပဲပေါ့
သူ့အဖွားကြီးနဲ့ သူထွက်ခွာသင့်ပြီလို့ သူထင်တယ်
သူ့အဖွားကြီးက သူ့ကို သားလေးတစ်ယောက်မွေးပေးတယ်
သူသေတဲ့အခါ သူ့သားဟာ လူလားမြောက်ပြီး
သူ့သားဟာလည်း အဖွားကြီးတစ်ယောက် ရလိမ့်မယ်
သူ့သားဟာလည်း သားတစ်ယောက် ရလိမ့်မယ်
သူ့သားရဲ့သားဟာလည်း သားတစ်ယောက်ရလိမ့်မယ်
သူ ဆက်မစဉ်းစားတော့ဘူး
သူ့သားဟာလည်း သူ့ကို ပင်ပန်းစေတယ်
သူ နောင်တရတာက
သူ့ဘိုးဘေးတွေ ဘာလို့ ဒီလိုမတွေးခဲ့သလဲ
နို့မို့ရင် ပင်လယ်ကိုတွေ့ရှိသူဟာ
သူ ဖြစ်မှာပေါ့။
(၁၉၈၂)
■ Mountain People- Han Dong
___________________________________________________
.
ရှဲန်ဇင်းန်ရဲ့လမ်းမီးရောင်တွေအောက်မှာ
============================
ရှဲန်ဇင်းန်ရဲ့လမ်းမီးရောင်တွေအောက်မှာ သူမနာမည်ဟာ ချစ်စရာလေး
ကျင်လည်ကျက်စားတဲ့ အိုရီရိုးလ်ငှက်၊ ယောက်ျားတွေရဲ့နှလုံးသားတွေ
နိုးထလွန့်လူးစေတဲ့လုပ်ငန်းနဲ့
ကိုယ်ခန္ဓာလုပ်ငန်း
သတ္တဝါအားလုံးထဲမှာ ဒီအမျိုးအစားပဲ ခန္ဓာကိုယ်ရှိတယ်
တစ်စစီ ဝတ်လစ်စလစ်ချွတ်ပစ်လို့ရတာ၊ ကြက်ဥပြုတ်လို ချောမွေ့
ပြည့်တန်ဆာဆီ သွားခြင်း၊ ငါ့မကောင်းမှုဟာ သူတစ်ယောက်တည်းမဟုတ်ဘူး
ငါ့ပြစ်မှုဟာလည်း အသေးအဖွဲပါပဲ
သူမဟာ မြေအောက်မြစ်တစ်စင်းကို သယ်လာတယ်
လှိုင်းမည်းတွေဟာ ငါ့ကို နူးညံ့ကြင်နာစွာ ဖုံးအုပ်တယ်
ဘားမှာ ထိုင်နေတဲ့မိန်းမတစ်ယောက်ရဲ့ ဒီညအဖော်ဟာ ဖန်ခွက်ပဲ
ဖန်ခွက်ထဲ အရက်ကုန်၊ ဖောက်သည်လည်း မရ
သူမရဲ့ဖန်ခွက်ထဲမှာ ဘာမှမရှိ - ခြိမ်းခြောက်နေတဲ့ ဗလာနတ္ထိ
သူမ လိုအပ်တာက ဝိုင်နီရင့်ရင့်နဲ့ အခြားအရည်တစ်မျိုး
ငါ သွန်လောင်းထည့်ပေးလိုက်မယ်လေ သူမရဲ့စီးပွား အဆင်ပြေဖို့
မကောင်းမှုနဲ့ပဲ ငါ့ငွေတွေ ကုန်ပါစေ
ငါ့ကို မတားနဲ့ ကြောက်လည်း မကြောက်နဲ့
မီးတွေ လင်းထိန်နေလိုက်တာ ဖန်ခွက်တွေ ထပ်ထားသလိုပဲ
ကလပ်ကနေ သူမကို ငါ ခေါ်ဆောင်သွားလိုက်မယ်
သူမရဲ့မုသားတွေမှာ ငါ ပျော်မွေ့
သူမရဲ့ သူစိမ်းလိုဆက်ဆံမှုကိုလည်း ငါ နားလည်
သူမရဲ့ငွေမက်မှုကို ငါ အထူးလေးစားတယ်
သတိပြုမိလောက်အောင် ငါ အာရုံခံစားလိုက်ရပါတယ်
သူမရဲ့ ထူထူထဲထဲ မိတ်ကပ်အောက်မှာ သူမ ရှက်သွေးဖြန်းသွားတာ
မသိမ်းရသေးတဲ့အိပ်ရာခင်းတွေအတွက် ငါ တောင်းပန်လိုက်တယ်
ကဗျာကို သူမနားလည်တာ သိလိုက်ရတော့ ငါ့မှာ ပါးစပ်အဟောင်းသား
ရာဘာအရုပ်ကြီးကို လုပ်ရသလိုပါပဲ
သူမဟာ အခြားတစ်နေရာမှာ သွားနေနေလိုက်တယ်
မှန်ပါတယ်၊ သူမ တစ်စက်မှ မဟခဲ့ဘူး
" ချစ်ပါတယ် " လို့။
(၁၉၉၄)
■ Under the Streetlights of Shenzhen-Han Dong

- - - - - - - - - - - - - - - - - - - - - - - - -------------------------------
မျောလွင့်နေခြင်း
================
ရေအချို့မီးဖိုပေါ်မှာရှဲကနဲ ၊
ရေနွေးငွေ့ထုတ်လွှတ် ၊ မနက်ခင်းကို သက်ဝင်
လှုပ်ရှားသွားစေတယ်။ ရေအချို့
ခွက်တစ်ခွက်ထဲမှာ တော်တော်တိမ်တဲ့
ဖီလော်ဆော်ဖီဆီဦးတည်သွားတယ်။
ရေအချို့သင်သောက်ချလိုက်တယ်
ခွက်ချင်းတော့မတူဘူးပေါ့။
ရေအချို့မှာ အချိုဓါတ်ပါတယ်
ဒါပေမယ့် သစ်သီးဖျော်ရည်နဲ့လဲနိုင်မလား။
ငါတို့ဝိဥာဏ်ရဲ့ ဘယ်နေရာမှာ
ဟောဒီစေးပြစ်ပြစ်ရေတိမ်ပိုင်းကို ဖွဲ့စည်းထားသလဲ။
ရေအချို့ကို ဒီနှစ်ရဲ့ လ္ဘက်ခြောက်သစ်ခတ်ဖို့သုံးတယ်။
ရေအချို့ကို ဒီညနေရဲ့ သတင်းတည်ဖို့နှပ်ဖို့သုံးတယ်။
ရေအချို့ဟာ မိမိတို့ကို
စိတ်အာရုံကျဘွယ်ဇာတ်ဆောင်တွေဆီ
တလိမ့်လိမ့်ရောက်သွားစေတယ်။
ရေအချို့ဟာ နောက်ကျိနေတယ် ၊
သံတံတားတစ်စင်းဖြတ်သွားတဲ့နေရာမှာ
ကြက်ခြေခတ်/လက်ဝါးကပ်တိုင်တစ်ခုဖြစ်သွားတယ်။
ရေအချို့ပေါ်မှာ ပုစဉ်းတွေဟာ သတင်းတွေထားသွားတယ်။
လှိုင်းတွေရဲ့ မနက်ခင်းလေ့ကျင့်ခန်းတွေဟာ
သတင်းတွေကို လိုင်းတွေ ဖြစ်သွားစေတယ်။
ရေအချို့ရဲ့ တစ်ဝက်ကို
မိမိတို့ရဲ့လူကြီးဘ၀ကို စစ်ထုတ်ဖို့သုံးတယ်
ကျန်တစ်ဝက်ကို
မိမိတို့ရဲ့ မရှိခြင်းတွေကို ကယ်တင်ဖို့သုံးတယ်။
ရေအချို့ဟာ ဝေးလံတဲ့နေရာတွေမှာ ရှိပြီး
လိပ်ပြာတွေဟာ သူတို့ကို အရာတစ်ခုခုရဲ့
မူလဇစ်မြစ်တွေအဖြစ်ပြောင်းလိုက်တယ်။
ရေအချို့ဟာ ကြေးမုံပြင်ရဲ့ အင်ပါယာကနေ
ထွက်ပြေး လွတ်မြောက်လို့မရကြဘူး။
ဒီလိုနဲ့ ၊ အပြစ်အချို့ဟာ
မိမိတို့ရဲ့ ရှုပ်ထွေးမှုနဲ့ပဲ သန့်စင်သွားကြတယ်။
ရေအချို့ကို တာရိုးပေါ်ကနေစက်နဲ့မောင်းထုတ်တယ်
သံချေးစားပိုက်တွေကတစ်ဆင့်ပေါ့။
ရေအချို့ဟာ တစ်စက်စက်ကျ ၊ သင့်စိတ်ကို
စကားလုံးသုံးလုံးမှာ ရစ်သီနေပါစေ ––
`သေး´ ၊ `နှေး´ ၊ `လင်း´။
ရေအချို့ဟာ ဟိုကိစ္စဒီကိစ္စတွေနဲ့ အလုပ်ရှုပ်။
ဒါပေမယ့် ဒီလိုပြောလိုက်ရုံနဲ့တော့
လူအချို့ဟာ အလုပ်အ၀တ်အစားတွေ ၊
နှာခေါင်းနဲ့ ပါးစပ်ပိတ် ပိတ်သားစတွေ
ချွတ်ပြီး အိမ်တွေမှာ ရေချိုးနေကြမယ်လို့တော့
မထင်လိုက်ပါနဲ့လေ။
ရေအချို့ထဲမှာ ငါးတွေပါတတ်တယ် ၊
ရေအချို့ပေါ်မှာ ဘဲရိုင်းတွေမဟုတ်ရင် ၊ မန္တာလီတွေ
ဖြေးဖြေးပဲ ရေပေါ်ပေါ်နေကြတယ်
ရှုခင်းရဲ့ နိုင်ငံရေးတစ်ခုထဲမှာ ။
ရေအချို့ဟာ တုပ်တုပ်မှ လှုပ်မရဘူး ၊
လိပ်ပြာသန့်လို့ဖြစ်တယ် ၊ ဒါမှမဟုတ်
တတိယလူဟာ ဒုတိယလူကို ပထမလူရဲ့
နှလုံးဟာ သေဆုံးသွားပြီလို့ ပြောလိုက်လို့ပဲ။
ရေအချို့ဟာ သူတို့ကို သွေ့ခြောက်စေတယ်။
ဒါပေမယ့် အခြားရေအချို့ဟာ အထဲကနေ
အပြင်ထွက်ကျတယ် ရေအချို့ဟာ ကြိုစီးဆင်းတယ် ၊
ပြီးမင်းဟာ မင်းရဲ့ အင်္ကျီအနားသပ်လေးကို
ကောက်ကောက်မပြီး မင့်အကျင့်အတိုင်း
မင်းရဲ့ ပျော်ရွှင်မျက်ရည်စတွေကို သုတ်ပစ်တယ်။
ရေအချို့ဟာ အသံပြုတယ် ၊ မင်းဘာပြောချင်တယ်ဆိုတာ
ငါသိပါတယ် –– `နားဝင်ချိုလိုက်တာနော်´။
.
ကျန့်(ဂ်)တီ
(Zang Di ရဲ့ Drifting)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဒင်မ်ဆမ်း
===========
မတော်တဆပူးတွဲပစ်ခံလိုက်ရတာပါပဲ ၊ သဘာဝအတိုင်းလုပ်ကြတာပဲပေါ့။
မမျှော်လင့်ပဲသူဟာ အခြားဘ၀တစ်ခုက မိတ်ဆွေဟောင်းတစ်ဦးဖြစ်သွားတယ်။
မုတ်သုံသစ်တောအစပ်ကမြို့ကလေး ၊ စမ်းချောင်းမိုး ၊
မိုးရေ ရွှဲနစ်နေတဲ့ စိတ်ကူးထဲကတောင်တန်း
အဲဒီဟိုဘက်ကဟာ တရုတ်ပြည်လား။
ရှန်ဟဲစံတော်ချိန် ။ နေ့လည်မှာ ဒင်မ်ဆမ်း ၊ ချက်နည်းပြုတ်နည်းဖွံ့ဖြိုး
တိုးတက်လာခဲ့တဲ့ ရာစုနှစ်တစ်ခုရဲ့ ရလာဒ်ဟာ
မဖေါ်ပြနိုင်တဲ့ အရသာအမျိုးမျိုးစုံလင်တဲ့ ခေါက်ဆွဲပြုတ်တစ်ခွက် ––
နွေရာသီမှာ ရိတ်သိမ်းတဲ့ ဘိန်းစေ့ ၊ သွားရည်ယိုစရာပဲ ၊
စစ်အုပ်ချုပ်ရေးနဲ့ စီအိုင်အေ ၊ အရသာရှိလိုက်တာ ၊ နှပ်ထားတဲ့အရှိတရားကို
အများကြိုက်သမိုင်းအဖြစ်ချက်ပြုတ် ၊ အံ့ဩစရာပဲပ။
အခု ၊ ဓါတ်ပုံဆရာဟာဓါတ်ပုံရိုက်တယ် ၊ ထုတ်လုပ်သူဟာထုတ်လုပ်တယ်။
ဟောဒီမှာ ရွှံ့လမ်းကျဉ်းလေး ၊ ဘေးနှစ်ဘက်နှစ်ချက်မှာ အရက်ဆိုင်တွေ
လေယာဉ်က ဗုံးကြဲရင်ပြေးဝင်ပုန်းလို့ရတဲ့နေရာတွေပေါ့ ၊ ကြုံတုန်း
အပျက်မတွေနဲ့ အီစီကလီ ၊ ရှေ့တန်းစစ်မျက်နှာသွားရောက်စစ်ဆေးမယ့်
ဗိုလ်ချုပ်ကြီးကိုတောင်လှမ်းမြင်နိုင်သေး။ ဘက်စုံအသုံးဝင်တဲ့နေရာ ၊
အမည်က ပျင်းရိငြီးငွေ့မှု။ ဒါကိုသင်မှတ်မိလား။ ဖျော်ဖြေမှုအဖြစ်
ပြောင်းလဲလိုက် ၊ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာမေ့ပစ်လိုက် ၊
အိပ်မက်ထဲအတိုင်း မိမိတို့နေခဲ့ပြီးကြပြီလို့ အိပ်မက်ဆက်မက် ၊
အခုလုပ်နေကြတာတွေဟာ အခုလုပ်နေကြတာတွေပဲမှတ်။
ရေနွေးကြမ်းပူပူကို တစ်ယောက်ပေါ်တစ်ယောက်လောင်းမချပဲ
အတူသောက်နေကြတယ်ဆိုတာဖြစ်နိုင်မလား။ ရှန်ဟဲသားတွေရဲ့
တည်ငြိမ်မှုမိမိတို့မှာ ရှိရဲ့ ၊ ပြီး . . . သူတို့ကို အပမ်းပြေစေတဲ့
ဆင်ခြေတွေ။
ဘရာဇီးကော့တေးတစ်ခွက်သောက်ကြည့်ပါလား ၊ ရေခဲရေနဲ့
သံပုရာပဲလား။ သင်ဟာ မိမိနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတယ်။
သိုးနေတဲ့ မူးယစ်ဆေးအလေ့ကျသုံးစွဲမှုကို ရင်ဆိုင်လိုက် ၊
မြို့စွန်က ရေကန်တွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအငြင်း
ပွားမှုအကြောင်း တိုင်းမ်မဂ္ဂဇင်းမှာဖတ် ၊ အဲဒီရေကန်တွေ
အများပြည်သူသုံးစွဲခွင့် ပြုသင့်မပြုသင့် ၊ အပြည့်အ၀ရေကူးခွင့်
ပေးသင့်မပေးသင့် ။ ဂေချုရေကာတာရဲ့ ရေမျက်နှာပြင်
ထူးထူးခြားခြားနိမ့်ဆင်းလာတဲ့ အကြောင်းစဉ်းစား ၊
လျှပ်စစ်ဓါတ်ထုတ်လုပ်နေရင်းမှာပဲ လှိုင်းတွန့်တွေနဲ့
ရေကာတာကိုပါ ဘယ်လိုဖြစ်စေနေပြီဆိုတာ ။
မိမိလိုချင်တာက လ္ဘက်ရည်တစ်ခွက်ပါပဲ ၊
မိမိရဲ့ချွေးပေါက်တွေအပွင့်နိုင်ဆုံးပွင့်စေမယ့် လဘက်ရည်။
အဆုံးစွန်စိတ်ကူးအိပ်မက်တွေဟာ အခြားသော
ကန့်သတ်ပိတ်စို့မှုတွေကိုပဲယူဆောင်လာတယ်။
အဲဒါကို မိမိနားလည်ပါတယ်။ ဆိုပေမယ့်လည်း ၊ အခု
ပင်လယ်ကမ်းခြေက နီယွန်မီးလုံးတွေအောက်မှာ
အုံးပင်တွေဟာ မုန်တိုင်းလျှော်ဖွတ်ခံလို့တောက်ပ၊
ဆံပင်ဟာ ရုတ်တရက်ပြုသမျှနုလာတော့တယ်။
အဲဒီညကမိမိတို့မက်ခဲ့ကြတဲ့ အိပ်မက်နဲ့ မတူပေဘူးလား။
မီယာမီလား စင်္ကာပူမှာလား။ ရေခဲမုန့်သွားစားကြရင်ပဲ
ပိုကောင်းမလား။ အဲသလိုဆို သကြားနဲ့ အအေးဟာ အချင်းချင်းထဲ
ပျော်ဝင် ၊ မိမိတို့ငယ်ဘ၀က စိတ်နေစိတ်ထားဆီပြန်သွားလို့ရအောင်ပေါ့။
အဲတုန်းက ဘာမဆိုအသစ်ကပြန်စ လို့ရခဲ့တယ်လေ။
ရေစပ်တစ်လျှောက်လမ်းသွားလျှောက်ကြရအောင်ပါ ၊
ဘယ်မှလည်းရောက်မှာမှမဟုတ်တာပဲ။
.
ကျန့်(ဂ်) အာ(ရ်)
(Zhang Er ရဲ့ Dim Sum)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ရှုခင်း
=============
နှစ်ပေါင်းများစွာ စိတ်ပျက်ပြီးနောက်
နောက်ဆုံးမှာပြူတင်းပေါက်ကို မိမိဖြုတ်ယူလိုက်တော့တယ်
ပြန်စဉ်းစားပြီးနောက် ၊
ပြူတင်းဘောင်ကိုပဲ မိမိပိုက်ယူလာခဲ့တယ်။
ရေတွင်းကြမ်းပြင်ရဲ့ အမှောင် ၊ ကမ္ဘာကြီးဟာ
မိမိကျောပေးထွက်ခွာခဲ့တဲ့အတိုင်းပါပဲ ၊
ကမ္ဘာကြီးနဲ့ ဝေးလံခေါင်ခိုက်တဲ့ အရပ်တွေဆီ
မိမိခြေဦးလှည့်လာခဲ့တယ်လေ ၊
ဟောဒီပြူတင်းဘောင်ကို မြတ်မြတ်နိုးနိုးပိုက်ထွေးလို့။
အဲဒီမြင်နေကျပြောင်းရွှေ့နေထိုင်တဲ့ ငှက်တွေဟာ
ကောင်းကင်ရဲ့ အစွန်းအစပ်တွေဆီပျံသန်းသွားကြတယ်။
မိမိကိုဘာမှမပြောင်းလဲတဲ့ ယခင်အတိုင်းလူတစ်ယောက်
လို့ပဲ စိတ်ကူးကြည့်လိုက်ပါ ၊
ဒီဇနပုဒ်လေးမဟုတ်ရင် ဟိုဇနပုဒ်လေးကို
ဖြတ်သွားလိုက် ၊ ပြန်လာလိုက် ၊ ပြန်ဖြတ်သွားလိုက် ၊
ကျောမှာ မိမိရဲ့ ၀ိသေသရှုခင်းကိုရွက်လို့ ။ ။
.
လုဒီအန်း
(Lu De-An ရဲ့ Scenery)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကြာ
==========
စိတ်ငြိမ်းချမ်းပြီးဘာအလိုဆန္ဒမှမရှိတဲ့ ညပေါင်းများစွာ
ငါဖြတ်သန်းပြီးခဲ့ပြီ ၊ တင်ပလ္လင်ခွေတရားထိုင်ရင်း
ငါရှူနေတာ လူသားတစ်ယောက်ရဲ့ အသက် –– ၀င် ၊ ထွက် ၊ ၀င် ၊ ထွက်။
ကမ္ဘာကြီးကော ။ မရှိဘူး။
အခြားကမ္ဘာကောရှိရဲ့လား ၊
အခြားတိုက်လေတွေ ၊ အခြားယဇ်ပူဇော်ဖို့မွေးထားတဲ့ သိုးပေါက်တွေ ၊
အခြားမျက်နှာတွေ ၊ တက်ကြွနေရတာ မျိုးတော့မဟုတ်ဘူးပေါ့။
ဆိုလိုတာက ၊ အဲဒါတွေဟာ အခြားစပေ့စ်တစ်ခုမှာ။
ငါ့လက်နှစ်ဘက်ကို ဆန့်တန်းလိုက်တယ် ၊
ငါပိုင်ဆိုင်တဲ့ ကြာပင်နှစ်ပင်ပဲ။
သူတို့ကြီးထွားလာနေကြပြီဟုတ်လား ၊
ဒါပေမယ့် ဘယ်အရပ်ဆီကိုလဲ။
သူတို့လမ်းထွက်လာကြပြီဟုတ်လား ၊
ဒါပေမယ့် ဘယ်ကိုလဲ။
မေ့ပျောက်ဖို့ ငါဟာကြိုးစားသင်ယူနေရုံမျှသာပါပဲ ၊
အသွေးအသားမျက်လုံးတွေနဲ့ မမြင်ရတဲ့
အဲဒီဧရာမတက္ကသိုလ်ကြီး ။ ။
.
ရှုကြယ်
(Shu Cai ရဲ့ Lotus)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
စတု(တ်) ဂတ်(တ်) ခရစ္စမတ်
=====================
ဆံပင် ညှပ်ပြီးပြီ
အဖျားတွေတိပြီးပြီ
တိတ်ဆိတ်စာကြည့်စားပွဲလေး
မီးခိုးတွေကျူးကျော်ဝင်ရောက်လာနိုင်ချေ
မျိုးဆက်ဟောင်းတွေလည်း ဖမ်းဆီးခံလိုက်ကြရတယ်
သစ်ကြားသီးနဲ့ ကီဝီသီးတို့ရဲ့ လက်ချက်ပေါ့
မထင်မှတ်ပဲ ငှက်လို ကျီကျီကျာကျာထအော်တယ်
မှော်ဆရာတောင် အဖြေမရှိတော့တဲ့အထိ
ကဗျာဆရာဟာ ဘာမှအသုံးမကျတာတွေလုပ်ပျော်တယ်
အရေမရအဖတ်မရတွေ ၊ ဇာတ်လမ်းတွေဟာ နေ့တဓူဝ
လောကီကိစ္စတွေကို ပိုမိုရှုပ်ထွေးစေတယ် ၊
အရေးကြီးတာ ဘာမှမဟုတ် ၊ ဘာမှမရှိ ၊ ဘာမှ . . . .
သူ့ကိုသူ မီးမလာမှန်းမသိတဲ့ မြို့တော်ဆီ
ဆဲလ်ဖုံးကနေ မက်ဆေ့ဂ်ျတိုတွေ လှမ်းပို့နေတယ်
ဆလိုက်ရှိုးဟာ ထပ်မံဖြည့်စွက်ထားတဲ့
ကာလနဲ့ အာကာသ ၀င်္ကဘာကို တပ်ဆင်တယ်
ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက်တွေ
ချွေးမရှေ့မှောက်မှာ မိခင်ဟာ ကြည့်ပြီး သားကို
ပြန်ကြည့်တယ် –– ဆေးတံဖွာနေတဲ့ ရည်းစားတွေ ၊
ခေတ်မစားတော့တဲ့ ဖိနပ်ဖြူတွေ ၊ စိုစိစိုစွတ်
စားပွဲကျယ်ကြီး ၊ ရေကူးဝတ်စုံထဲက ဗိုက်ပူကြီး။
မမြင်ဘူးတဲ့ ပင်လယ်ဇင်ယော်တွေ ၊ ဟောင်ကောင်မှာတော့
အပျော်စီးသင်္ဘောနှစ်စီးသုံးစီးဆိုက်ကပ်လာတယ်။
သက်ကြီးရွယ်အိုတွေ ကလေးဘ၀တုန်းက ၊
မုတ်ဆိတ်ကြီးကို မမွေးဖွားခင်တုန်းက။
ပစ္စုပ္ပန်ဟာ အိတ်ဆောင်ရေဒီယိုအသစ်စက်စက်လေးပဲ
ငါတို့ ကမ္ဘာသားတွေကို ပြန်လည်တည်ဆောက်နေတာ
ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပေါ့ပ်ပူဖေါင်းတွေနဲ့
ချက်ချင်းချစ်ကျွမ်းဝင်ပစ်လိုက်လို့ရတယ်။
ဘယ်သူမဆိုဟာ ထာဝရ ရွေ့လျားနေမှုထဲ
ပလပ်စတစ် သင်္ဘောတစ်စင်းစီအဖြစ်ပြန်မွေးဖွားမယ် ၊
ခပ်မိုက်မိုက်ဖက်ရှင်နဲ့ မြုပ်ချည်ပေါ်ချည်ပဲ။ ။
.
ကျောက်ရှာ
(Zhao Xia ရဲ့ Stuttgart Christmas)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အထက်ပါခေတ်ပြိုင်တရုတ်ကဗျာတွေဟာ တရုတ်ကဗျာဆရာမ Zhang Er ကျန့် (ဂ်) အာ(ရ်) ဦးစီးဘာသာပြန်ထုတ်ဝေတဲ့ Talisman Anthology of Contemporary Chinese Poetry (2005) ထဲကဖြစ်ပါတယ်။ မူရင်းစာအုပ်ထဲမှာတော့ ကဗျာဆရာ/ဆရာမ စုစုပေါင်း ၂၄ ဦးပါရှိပါတယ်။ အားလုံးဟာ ၁၉၆၀ နဲ့ ၁၉၇၀ အတောအတွင်းမွေးဖွားလာကြသူတွေဖြစ်ကြပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာမှ စပေါ်လာကြ သူတွေဖြစ်ကြပါတယ်။ ဒီဘာသာပြန်စာအုပ်မှာ ပါရှိတဲ့ ကျန့်(ဂ်) အာ(ရ်) ရဲ့ အမှာစာ/မိတ်ဆက်ထဲက ကောက်နှုတ်ချက် အချို့ကို တင်ပြလိုက်ပါတယ်။
ဒီစာအုပ်ပါကဗျာတွေရဲ့ ရှုခင်းတွေဟာ သဘာဝတောတောင်ရေမြေရှုခင်းတွေ မဟုတ်တော့ပါဘူး။ ခေတ်ပြိုင်အဖြစ်အပျက် တွေဖြစ်ပျက်နေတဲ့ မြို့ပြလမ်းတွေဖြစ်ပါတယ်။. . . ကမ္ဘာ့ရွာထဲရောက်လာကြတဲ့ ယဉ်ကျေးမှုတွေဖြစ်ပါတယ်။
မော်ဒန်တရုတ်ကဗျာဟာ ဂန္တ၀င်ကဗျာပုံသဏ္ဍာန်တွေကနေ ခွဲထွက်ခဲ့ပါပြီ။ အနောက်တိုင်းနဲ့ထိတွေ့ပြီး အုံနဲ့ကျင်းနဲ့ရောက်လာ တဲ့သတင်းအချက်အလက်သစ်တွေကို ဘက်စုံကိုင်တွယ်နိုင်ဘို့ မီဒီယာအသစ်တစ်ခုကို အသည်းအသန်ရှာဖွေခဲ့ရပါတယ်။ ၁၉၂၀ နဲ့ ၁၉၃၀ ခုနှစ်တွေမှာ ကာရန်မဲ့ကဗျာတွေ စမ်းသပ်ရေးလာခဲ့ကြပါတယ်။ အရပ်စကားကို ပိုသုံးလာခဲ့ကြပါတယ်။ ဒါပေမယ့် ဂျပန်ခေတ် ၊ ပြည်တွင်းစစ်နဲ့ ကွန်မြူနစ်စနစ်ထူထောင်ရေးလှုပ်ရှားမှုတွေအောက်မှာ ကဗျာအပါအ၀င်စာပေအနုပညာအားလုံးဟာ ၀ါဒဖြန့်ချိရေး ယန္တယားတွေဖြစ်သွားခဲ့ကြပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ ထိုင်ဝမ်မှာ ကဗျာစမ်းသပ်မှုတွေပြန်ပေါ်ပေါက်လာပါတယ်။ ပြည်မကြီးမှာတော့ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ယဉ်ကျေးမှုအနုပညာရပ်အားလုံးဟာ ဆေးနီသုတ်လိမ်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကဗျာဟာ ဒဏ်တော်တော်ခံနိုင်တယ်ဆိုတာပြခဲ့ပါတယ်။ ဒုက္ခပေါင်းစုံကြားအိပ်စက်နေရတဲ့ကြားကပဲ စိတ်ကူးအိပ်မက်တွေ ၊ စိတ်ကူးဥာဏ်ကွန့်မြူး မှုတွေဟာ ကဗျာကို အင်အားတွေပေးပြီး နောက်ဆုံး နွေဦးရာသီရဲ့ ပွင့်လင်းမှုမှာ ကြွယ်ကြွယ်၀၀ပေါ်ထွက်လာခဲ့ပါတယ်။
ဒီစာအုပ်ပါကဗျာဆရာ/ဆရာမတွေဟာ နိုင်ငံရပ်ခြား အတွေ့အကြုံရှိကြသူတွေဖြစ်ပါတယ်။ လုဒီအန်းဆိုရင် ဖူးကျင့်နဲ့ နျူးယောက်မြို့တွေမှာ တစ်လှည့် စီနေထိုင်ပါတယ်။ ကျန့်(ဂ်)တီ ဟာ ပေကျင်းတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး အမေရိကန် တက္ကသိုလ် တစ်ခုမှာလည်း သင်ကြားပို့ချဖူးပါတယ်။ ရှုကြယ်ဟာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆီနီဂေါလ်မှာ ရှိတဲ့ တရုတ်သံရုံးမှာ သံတမန်အဖြစ် အမှုထမ်းခဲ့ပြီး ပြင်သစ်မော်ဒန်ကဗျာတွေကို တရုတ်လိုဘာသာပြန်ခဲ့ပါတယ်။ ကျောက်ရှာဟာ ဂျာမဏီနိုင်ငံ ၊ စတု(တ်) ဂတ်(တ်)မြို့မှာ နေထိုင်ပြီး ပေါလ် စီလန်းနဲ့ ဂွန်တာ ဂရပ်စ်တို့ရဲ့ ကဗျာတွေကို တရုတ်ဘာသာပြန်ဆိုခဲ့ပါတယ်။ (ကျန်း(ဂ်) အာ(ရ်) ကိုယ်တိုင်ဟာ ထိုင်ဝမ်နဲ့ အမေရိကန်မှာ တစ်လှည့်စီနေထိုင်သူဖြစ်ပါတယ်)။ ဒီလိုနိုင်ငံရပ်ခြားအတွေ့အကြုံတွေဟာ သူတို့ရဲ့ ကဗျာရေးခြင်းနဲ့ ကဗျာ ဗေဒတွေပေါ်လွှမ်းမိုးမှုရှိသလားဆိုတာမေးသင့်တဲ့ မေးခွန်းတစ်ခွန်းဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သူတို့ဟာ ခေတ်ပြိုင်ကမ္ဘာ ကြီးရဲ့ အစိပ်အပိုင်းတွေဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အရိပ်အောက်မှာရှိနေတဲ့ ၊ ကုန်းကြောင်းလေကြောင်းလမ်းတွေ ၊ ကေဘယ်တွေနဲ့အတူ အင်တာနက်တ်နဲ့ ချိတ်ဆက်ထားတဲ့ ၊ ဗဟိုချက်မဲ့ ယဉ်ကျေးမှု ရှုမျှော်ခင်းကြီးရှိနေတဲ့ ခေတ်ပြိုင်ကမ္ဘာကြီးရဲ့ အစိပ် အပိုင်းတွေဖြစ်ပါတယ်။
ဒီတရုတ်ကဗျာတွေကို အင်္ဂလိပ်ဘာသာပြန်တဲ့အခါ ဘာသာပြန်ကြသူ အမေရိကန်ကဗျာ ဆရာတွေပြောကြတာက မူရင်း တရုတ်ကဗျာတွေထဲမှာ အက်ရှဘရီရဲ့ ဟန် ၊ ဖရော့စ်တ် ရဲ့ဟန် ၊ စတီးဗင်းန်စ် ၊ ဒစ်ကင်န်ဆင်န် ၊ အဲလိယစ်တ် ၊ ယေးတ်စ်တို့ရဲ့ ဟန်တွေတွေ့ရတယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဂန္တ၀င်တရုတ်ကဗျာဟန်တွေလည်းတွေ့ရပါတယ်။
ဒီတရုတ်ကဗျာတွေထဲမှာ ဗုဒ္ဓ၀ါဒ ၊ တာအိုဝါဒ ၊ ခရစ်ယာန်ဝါဒနဲ့ ကွန်မြူနစ်ဝါဒအသုံးအနှုံးတွေ ရောယှက်သုံးစွဲထားတာတွေ့ ရပါတယ်။ ဒီကဗျာဆရာတွေရဲ့ ကဗျာတွေဟာနက်နဲပါတယ်။ မလွယ်ကူ ၊မရိုးစင်ပါဘူး။ ကမ္ဘာကြီးကပေးတာတွေကိုသူတို့ရဲ့ ပုဂ္ဂလိက ဘ၀ အတွေ့အကြုံတွေ ၊ ကြီးပြင်းခဲ့တဲ့ ကဗျာအစဉ်အလာတွေနဲ့ နိုင်ငံရပ်ခြားယဉ်ကျေးမှု အတွေ့အကြုံတွေအားဖြင့် သူတို့စုပ်ယူကြပါတယ်။ သူတို့ကဗျာတွေမှာ အတွေးနဲ့ခံစားမှုတို့ရဲ့ ပဋိပက္ခတွေ ပြည့်နှက်နေကြပါတယ်။ အဲဒီအတွက် ရေးနည်းအမျိုးမျိုးရှာရသလိုစကားလုံး အမျိုးမျိုးလည်းသုံးစွဲကြတာတွေ့ရပါတယ်။ နိမိတ်ပုံသုံးစွဲတဲ့နေရာမှာလည်း အနောက်တိုင်းသားတွေထင်ထားကြသလို `သန့်ရှင်း ၊ တိကျ ၊ သဘာဝနဲ့ ကိုက်ညီတဲ့´ နိမိတ်ပုံမျိုးတွေမဟုတ်ပဲ မသပ်မရပ်နဲ့ ရှုပ်ရှုပ်ထွေးထွေးသုံးတာကိုတွေ့ရပါတယ်။ ဒီ့အပြင် ၀ါကျဖွဲ့စည်း ပုံအားဖြင့် ၀ါကျပုံစံမကျတာတွေ ၊ ကဗျာထဲကလုပ်ရပ်တွေနဲ့ နိမိတ်ပုံတို့ရဲ့ လားရာမဲ့ ကော်လာ့ဂ်ျတွေကိုလည်း တွေ့ရှိရပါတယ်။ နောက် ထပ်တွေ့ရတာတွေကတော့ နာမ်စားတွေဖြစ်သလိုသုံးပုံ ၊ ရှုထောင့်တွေရုတ်တရက်ပြောင်းပုံ ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ရုတ်ချင်းသက်ဝင် လှုပ်ရှားလာပုံ ၊ အဖြစ်အပျက်တွေရဲ့ ကာလပြသဒ္ဒါပုံစံ မတွေ့ရတဲ့အတွက် ကာလကိုမျဉ်းဖြောင့်အတိုင်းကြည့်လို့မရပုံ ၊`ငါ´ အခိုင်အမာ မရှိပုံ ၊ လူနှစ်ယောက်ဒိုင်ယာလော့ဂ်လုပ်နေပုံ လိုလိုပေမယ့် အဲဒီနှစ်ယောက်ဟာ ကိုယ့်နေရာကိုယ်မနေကြပဲ တစ်ယောက်နေရာထဲ တစ်ယောက်ဝင်ရောက်ပြောဆိုနေပုံတို့ဖြစ်ကြပါတယ်။
.
ဇေယျာလင်း
6 – Mar – 12
.
___________________________________________________

#Zeyar Lynn -Page မှ ပြန်လည်ကူးယူသည်။

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~