မတ်လတော်လှန်ရေး ~



မိုးကုပ်ကုပ်ဝယ်

အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍

ကွဲအက်ကြောင်းရာ ၊ဟ ဟ လာပြီး

မိုးပြာကိုဖြတ် ၊ပတ္တမြားရည်

စီးလည်အဟုန်၊နီမြန်းကုန်သည်

အရုဏ်ပေါ်စ ၀ိုးတ၀ါး ။

မှုန်မွှားမွှားလျှင်

ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်

မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး

ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း

လှေတစင်းထက် ၊ တောတွင်းသားပျို

ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍

စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး

ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ

ယူကာ လက်ထောက် ၊ အလျားမှောက်သည်

လှေအောက်ဝမ်းမှ စက်သေနတ် ။

အမှောင်ရိပ်ဝယ်

မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်

အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတော၏

နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ

ဖက်စစ်ကင်းစောင့် စစ်စခန်း ။

ချောင်းကိုကွေ့သော် ၊

တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့

ချဉ်းကပ်လှော်ကာ ၊ နီး၍လာလျှင်

အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို

ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်

မြစ်ယံပဲ့တင် ထပ်သတည်း ။

ငွေလရောင်လျှင်

အမှောင်ညရိပ် ၊ သေးသေးစိတ်သား

မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်

သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်

ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်

ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ

တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်

ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်

အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်း၍

ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ

လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်

လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။

ရွာတစ်ရွာကား ၊

မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း

တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ

ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့

ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ

ွနွမ်းခွေပျောင်းယဲ့ ၊ ညှင်းလေဖွဲ့က

သဲ့သဲ့ ခွေးဟောင်သံ တကား ။

ခရေပွင့်လျှင် ၊

ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်

ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်

တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို

လေချီသုတ်ဖြူး ၊ နီဝါကူးသည်

နွေဦးပေါက်မို့ ရော်ရွက်ကြွေ။

ရင့်ကြွေ ညောင်းသည်

ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့

စနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်

အနီထဲမှ ကြယ်ဖြူပွင့် ။

ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}

Comments

  1. ပန်းပုဆရာများ၏အပြုံး

    ReplyDelete

Post a Comment

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း